အင်အားစုအားလုံး ဆွေးနွေးရေး NDF က တောင်းဆို

အင်အားစုအားလုံး ဆွေးနွေးရေး NDF က တောင်းဆို
by -
ကိုဝိုင်း
တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် စုပေါင်း ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရက်တစ် တပ်ဦး NDF ၏ ရ ကြိမ်မြောက် ညီလာခံမှ မြန်မာစစ်အစိုးရနှင့် အင်အားစုအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးရေး တောင်းဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရက်တစ်တပ်ဦး NDF ၏ ရ ကြိမ်မြောက် ညီလာခံမှ မြန်မာစစ်အစိုးရနှင့် အင်အားစုအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလိုက်သည်။   

ဝ' အမျိုးသားအဖွဲ့မှ တက်ရောက်နိုင်ခြင်း မရှိသော်လည်း ကျန် ရ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦးနှင့် လေ့လာသူ ၂ ဦး တက်ရောက်ခဲ့ကာ၊ ထိုင်း-မြန်မာနယ်စပ်၌ ယခုလ ၆ ရက်နေ့မှ စတင်၍ ယမန်နေ့တွင် ပြီးစီးခဲ့သည့် ညီလာခံကြီးက တောင်းဆိုခြင်း ဖြစ်သည်။

အန်အယ်ဒီ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အပါအဝင် ပြည်တွင်းတိုင်းရင်းသား ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ စတင်ဆွေးနွေးရန် တောင်းဆိုမှုကို NDF က လက်ခံသော်လည်း နောက်ဆုံး၌ အားလုံးပါဝင်သည့် ဆွေးနွေးမှုမျိုး လိုအပ်ကြောင်း NDF အထွေထွေ အတွင်းရေးမှူးအသစ် မိုင်ဘုန်းကျော်က မဇ္စျိမကို ပြောပြသည်။

သူက “ကျနော်တို့က တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားတဲ့နေရာမှာ ဘယ်သူကနေ ဘယ်လိုစတွေ့ဖို့ဆိုတာ မပြောထားပါဘူး။ ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်းတွေ့ရုံ၊ အဲဒီ process အဲဒီမှာပဲ ရပ်နေရုံလောက်နဲ့တော့ နိုင်ငံရေး ပြဿနာ ပြေလည်မှာ မဟုတ်ဘူး။ သူတို့နှစ်ဦး စတွေ့မယ်ဆိုလည်း ကောင်းတဲ့ လက္ခဏာလို့ပဲ သဘောထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နိုင်ငံရေးပါတီအကုန်လုံး၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရော တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ ကျနော်တို့ သဘောထားချထားပါတယ်” ဟု ပြောသည်။

ညီလာခံ၌ လက်ရှိ နိုင်ငံရေးအခြေအနေများ ဆွေးနွေးခဲ့ကြသည်။

“လက်ရှိနိုင်ငံရေးအခြေအနေတွေ။ NDF ကို အားကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်သွားမလဲ။ တိုင်းရင်းသားအင်အားစု၊ ဒီမိုကရေစီအင်အားစု အကုန်လုံးပေါ့ ညီညီညွတ်ညွတ်နဲ့ ဘယ်လို တိုက်ကြမလဲ။ အဲဒါတွေကို သုံးသပ် ဆွေးနွေးသွားကြတာပေါ့” ဟု မိုင်ဘုန်းကျော်က ပြောသည်။   

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းအားလုံးကို လွှတ်ပေးရေးလည်း ညီလာခံက တောင်းဆိုထားသေးသည်။

ယခု ညီလာခံမှ ဥက္ကဋ္ဌအဖြစ် စောဒေးဗစ်တာကပေါ (KNU) ၊ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် (ALP) ၊ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော် (PSLF) ၊ တွဲဘက် အထွေထွေအတွင်းရေးမှူး မန်းငြိမ်းမောင် (KNU) တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦး ရွေးချယ်ခဲ့သည်။

NDF ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက်လှုပ်ရှားနေသည်။

လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအိုဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ၊ ဝအမျိုးသားအဖွဲ့ WNO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ ဖြစ်သည်။

Most read this week