ချင်းမိုင် (မဇ္စျိမ)။ ။ မုန်တိုင်းကြောင့် လုပ်ငန်းသုံး ကျွဲနွားများ ရှားနေသည့် နာဂစ်ဒဏ်သင့် ကျေးလက်များတွင် တိရစ္ဆာန် မစင်နှင့် စွန့်ပစ်အမှိုက် ရောစပ်ကာ လျှပ်စစ်မီး ထွန်းလင်းရေးအတွက် မြန်မာစစ်အစိုးရ စီစဉ်နေသည်။
စီမံကိန်းအတွက် ယခုလ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီး၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများနှင့် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ကွင်းဆင်းဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းသင့်များအတွက် ကူညီနေသူများ အဆိုအရ သိရခြင်းဖြစ်သည်။
''ကျေးရွာတွေက အဓိက လျှပ်စစ်မီး အရမ်းလိုချင်ကြတယ်။ မဲဆွယ်တဲ့ သဘောများလားလို့တောင် ထင်ရတယ်။ နာဂစ်ကြောင့် နွားကဖြင့် မကျန်တော့ဘူးဗျ။ သူတို့က နွားချေးကနေ မီသိန်းထုတ်ပြီး မီးထွန်းဖို့ ပြောတယ်။ အံ့သြဖို့ ကောင်းတာက ဝန်ကြီးတွေကိုယ်တိုင် ရှင်းပြတာ'' ဟု ဘိုကလေးမြို့နယ်တွင် ကျင်းပသည့် သရုပ်ပြပွဲသို့ သွားရောက်ခဲ့သူ နာဂစ် ပြန်လည်ထူထောင်ရေး လုပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့ - NGO အရာရှိတဦးက မဇ္စျိမကို ပြောသည်။
ယခုလ ၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင်လည်း သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ ဟိုတယ်/ခရီးသွား ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်၊ ပညာရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းက နာဂစ်ဒဏ်သင့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်များတွင် နွား၊ ဝက် အညစ်အကြေးများဖြင့် ဇီဝဘက်ထရီ ပြုလုပ်ပြီး မီးထွန်းနိုင်ပုံများကို ဒေသခံများသို့ သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကလည်း မန္တလေးတိုင်း တောင်သာမြို့နယ် ကျေးရွာများသို့ မတ်လ ၃ဝ ရက်နေ့က သွားရောက်၍ ဆားနှင့် နွားချေး ဆတူရောစပ်ကာ ဓာတ်ခဲဟောင်းများ အသုံးပြု၍ လျှပ်စစ်မီး ရရှိနိုင်မှုကို ယခုလအတွင်း ဟောပြောခဲ့ကြောင်း ဆိုထားပြန်သည်။
မီသိန်းနှင့် ပတ်သက်၍ လေထုအတွင်း မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှု၊ ဓာတ်ငွေ့မှ စွန့်ပစ် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်မှု မရှိလျှင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လူကို အန္တရာယ် ဖြစ်စေနိုင်မှုအတွက် စိုးရိမ်နေသူများလည်း ရှိသည်။
ယင်းအပြင် ဓာတ်ငွေ့ထုတ်ရန် ကုန်ကြမ်း မလုံလောက်မှုကြောင့် ကျေးရွာအတွက် ရေရှည် အသုံးတည့်ရေးအတွက်လည်း သူတို့က သံသယ ရှိနေသည်။
မြန်မာပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုမှ အမည်မဖော်လိုသူတဦးက ''မီသိန်းဓာတ်ငွေ့ ထုတ်ဖို့ဆိုရင် အဓိက ကုန်ကြမ်းဖြစ်တဲ့ တိရစ္ဆာန် အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်း အလုံအလောက် ရှိရမယ်။ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမြင် ကြွယ်ဝမှု ရှိရမယ်။ ဒါမှသာ ဘေးအန္တရာယ် ကင်းရှင်းလိမ့်မယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်မယ်'' ဟု ပြောသည်။
အခြားအဖွဲ့တခုမှ ခေါင်းဆောင်တဦးကလည်း ''မီသိန်းကနေ လျှပ်စစ်ထုတ်တာက လုပ်လို့တော့ ရပါတယ်။ ကောင်းကျိုးကတော့ ကျေးရွာတွေမှာ မီးထွန်းလို့ ရမယ်။ မီးသီးပဲ ထွန်းလို့ ရတာနော်။ ဆိုးကျိုးကတော့ ဒီဓာတ်ငွေ့က လေထုထဲကို ယိုစိမ့်ထွက်မယ် ဆိုရင်တော့ လူကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နည်းလမ်းအသစ် မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ် လောက်ကတည်းက သုံးခဲ့ကြတာပါ'' ဟု ပြောသည်။
လေထုထဲ မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲမည်ဖြစ်ရာ အဆိပ်သင့်ခြင်းကြောင့် ဦးနှောက်၊ အာရုံကြော၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အိမ်ခြေ ၁ဝဝ ခန့် ရှိသည့် ကျေးရွာတရွာအတွက် မီသိန်း ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၅ဝ ခန့် ရှိပြီး၊ ဤသည်မှာ မီသိန်း ထုတ်ရန်အတွက် ကွန်ကရစ်ကန်နှင့် လျှပ်စစ်ထုတ်ရန် အင်ဂျင်ဝယ်ယူရမည့် ကုန်ကျစရိ်တ် ဖြစ်သည်။ တအိမ်အတွက်မူ ဝပ်အား ၄ဝ ရှိ မီးသီးတလုံး ထွန်းရန်အတွက်သာ လုံလောက်သည်ဟု သူတို့က ဆိုသည်။
နောက်ပိုင်းတွင် ဓာတ်ငွေ့ သိုလှောင်ကန်အတွက် အစဉ်သဖြင့် ထိန်းသိန်းခ ရှိသေးသည်ဟုလည်း ဆိုကြသည်။
နိုင်ငံတွင်း တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ ပြီးပါကလည်း လျှပ်စစ် ဖြန့်ဝေရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သော လျှပ်စစ်လိုင်းများ သွယ်တန်းထားမှု မလုံလောက်သဖြင့် စစ်အစိုးရ အနေဖြင့် ကျေးရွာများသို့ လျှပ်စစ် ဖြန့်ဝေမည် မဟုတ်ကြောင်းလည်း သိရသည်။
သဘာဝဓာတ်ငွေ့ ကြွယ်ဝမှုအဆင့် ၁ဝ တွင် ရှိသော မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားနှင့် ရေအားလျှပ်စစ်ကို အသုံးပြုမည်ဆိုလျှင်လည်း တနိုင်ငံလုံးတွင် လျှပ်စစ်ကြိုး သွယ်တန်းထားခြင်း မရှိသေးသည့်အတွက် ကျေးရွာများတွင် လျှပ်စစ်မီး ရရှိရန် အခွင့်အရေးက လွန်စွာ နည်းနေသေးကြောင်း မြန်မာနိုင်ငံတွင် တရားဝင် ဝင်ရောက်လုပ်ကိုင်နေသော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ - JICA ၏ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ထားသော စစ်တမ်းတခုက ဆိုထားခြင်း ဖြစ်သည်။
ကျေးရွာပေါင်း ၆၅ဝဝဝ ခန့် မြန်မာနိုင်ငံတွင် ရှိနေသော်လည်း ယင်းတို့ထဲမှ ရ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးကြိုး သွယ်တန်းထားကြောင်း JICA စစ်တမ်းက ဆိုသည်။
JICA သည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး ၊ ပညာရေး ကဏ္ဍများ အကူအညီပေးရေး ဆောင်ရွက်နေသည်။
စစ်အစိုးရ၏ ရေအားလျပ်စစ် စီမံကိန်းများ ဆက်တိုက် လုပ်နေသော်လည်း နိုင်ငံအတွက် မဟုတ်ကြောင်းနှင့် တိုင်းပြည်အတွက် ဆိုပါက လျှပ်စစ်စီမံကိန်းများ နည်းတူ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများပါ တပြိုင်တည်း လုပ်နေရမည်ဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အစည်းအဝေးများ တက်ရောက်နေသူ ပညာရှင်တဦးက ဆိုသည်။
ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် အလုံအလောက်ပေးနိုင်ပါက ကျေးလက် လူနေမှု အဆင့်အတန်း တိုးတက်လာမည့်အပြင် ကျေးလက်များတွင် အစားအသောက် ချက်ပြုတ်ရန် သစ်တောမှ ထင်းခုတ်ယူမှု လျော့ကျသွားမည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချနိုင်မည်ဟု သူက ဆက်လက်သုံးသပ်သည်။
ကျေးလက်များတွင် လျှပ်စစ်မီးမပေးနိုင်ဘဲ ယခုကဲ့သို့ ကိုယ်ထူကိုယ်ထ ဇီဝလျှပ်စစ် ထုတ်လုပ်ရန် စစ်အစိုးရက လုပ်ဆောင်လာရခြင်းမှာ လျှပ်စစ်ပေးရန် မရှိမဖြစ် လိုအပ်သော လျှပ်စစ်လိုင်းများ သွယ်တန်းနိုင်ခြင်း မရှိသည့်အပြင် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ကိုလည်း ပြည်ပနိုင်ငံများသို့ ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သူက ဆိုသည်။
နိုင်ငံတကာတွင် မီသိန်းဓာတ်ငွေ့ အသုံးပြုမှုနှင် ပတ်သက်၍မူ - ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့တခု ဖြစ်သည့်် ပြန်ပြည့််မြဲစွမ်းအင်အသင်းမှ တာဝန်ရှိသူက “တခြားနိုင်ငံတွေမှာ မီသိန်းကနေ လျှပ်စစ် ထုတ်တာတို့လို Renewable Energy (ပြန်ပြည့်မြဲ စွမ်းအင်) ကို သုတေသန လုပ်ကြတယ်။ ဒါက ဘာအတွက်လဲဆိုတော့ တကယ်လို့ သဘာဝ ဓာတ်ငွေ့ ကုန်တဲ့အချိန်မှာ သုံးဖိို့။ ဂျပန်လည်း လုပ်တယ်။ ဒါပေမဲ့ သူတို့က နောက် အနှစ် ၁ဝဝ လောက်အတွက် ကြိုပြီး သုတေသန လုပ်ကြတာ’' ဟု မှတ်ချက်ပြု ပြောဆိုသည်။
နိုင်ငံအများစုတွင် ဇီဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ် ထုတ်လုပ်ခြင်းကို ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် အရန်သဘော သုတေသနပြု လုပ်ဆောင်နေသော်လည်း ကျယ်ပြန့်စွာ သုံးစွဲခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အပါအဝင် သဘာဝဓာတ်ငွေ့ လုံလောက်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်သာ လျှပ်စစ်မီး ပုံမှန်ရရှိနေပြီး၊ စီးပွားရေး အချက်အချာကျသည့် မြို့တော်ဟောင်း ရန်ကုန်၊ စက်မှုဇုန်များနှင့် အခြားမြို့ကြီးများတွင်ပင် အချိန်ပိုင်းသာ ရရှိနေသည်။
ရန်ကုန်မြို့တော်ဝန်က ၂ဝဝ၉ ခုနှစ်တွင် ရန်ကုန်မြို့တော် ၂၄ နာရီ လျှပ်စစ်မီး ရရှိစေရမည်ဟု ပြည်တွင်း ဂျာနယ်များသို့ ကတိပြု ပြောကြားလိုက်သော်လည်း ရန်ကုန်တွင် လျှပ်စစ်ကို အချိန်ပိုင်းသာ ရရှိနေသေးသည်။
ရန်ကုန်အတွင်း မြို့နယ်များတွင် တရက်လျှင် ဂ နာရီခန့် ရရှိနေသော်လည်း ဆင်ခြေဖုံး မြို့နယ်များတွင်မူ မီးလာရက်ပင် ပုံမှန်မလာကြောင်း သိရသလို၊ ပြည်တွင်း ဂျာနယ်တစောင် အဆိုအရ မန္တလေးတွင် ည ၁၁ နာရီမှ နံနက် ၅ နာရီထိ လျှပ်စစ်မီး ပုံမှန်လာကြောင်း သိရသည်။