မြန်မာ့အရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန် အမေရိကန် အမတ်များ တောင်းဆို

မြန်မာ့အရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန် အမေရိကန် အမတ်များ တောင်းဆို
အမေရိကန် ကွန်ဂရက်အမတ် ၁၇ ဦးက စစ်အစိုးရ အုပ်ချုပ်ရာ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အထူး ကိုယ်စားလှယ်အဖွဲ့ ခန့်အပ် ဖွဲ့စည်းရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ထံ စာရေးသား တောင်းဆိုခဲ့ ...

နယူးဒေလီ။     ။ အမေရိကန် ကွန်ဂရက်အမတ် ၁၇ ဦးက စစ်အစိုးရ အုပ်ချုပ်ရာ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အထူး ကိုယ်စားလှယ်အဖွဲ့ ခန့်အပ် ဖွဲ့စည်းရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ထံ စာရေးသား တောင်းဆိုခဲ့သည်။    

''ကွန်ဂရက်အဖွဲ့ဝင် ၁၇ ယောက်က လက်မှတ်ရေးထိုး ပေးပို့တဲ့ စာတစောင်ကို ကျနော်တို့ ဌာနက မကြာသေးခင်ကပဲ လက်ခံရရှိခဲ့ပါတယ်'' ဟု နိုင်ငံခြားရေးရာဌာနမှ ယာယီ ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ဝုဒ်က ပြောသည်။    

ပေးပို့စာသည် ဟယ်လာရီ ကလင်တန်သို့ လိပ်မူထားပြီး၊ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် အဖွဲ့တခု ခန့်အပ်ရန် တိုက်တွန်းထားသည်။    

အမေရိကန်သည် မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း အစောပိုင်းတုန်းက မစ္စကလင်တန်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ရေး မူဝါဒသည် မြန်မာစစ်အစိုးရ၏ အမူအကျင့်ကို အပြောင်းအလဲ မဖြစ်စေခဲ့ကြောင်း ဝန်ခံခဲ့သလို၊ အိမ်နီးနားချင်း နိုင်ငံများ၏ အပြုသဘော ဆက်ဆံရေး မူဝါဒသည်လည်း တစုံတရာ အကျိုးဖြစ်ထွန်းမှု မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။    

''သူ (မစ္စ ကလင်တန်) ဟာ တရက်တရက်မှာ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကွန်ဂရက် အဖွဲ့ဝင်တွေဆီကနေ ကြားနာရဖို့ အမြဲတမ်း စိတ်ဝင်တစား ရှိပါတယ်။ မြန်မာပြည်အရေးဆိုရင် သူက တကယ်ပဲ နက်နက်ရှိုင်းရှိုင်းနဲ့ အလွန်ပဲ အရေးထားတဲ့ အကြောင်းအရာ တခုပါ'' ဟု ဝုဒ်က ဝါရှင်တန်ရှိ တနေ့တာ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။    

သူ၏ မြန်မာပြည်မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု အမေရိကန် အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း၊ မည်သည့်အချိန်မှာ ပြီးစီးမည်ဟူသည့် အချိန်ဇယားကိုမူ လူထုထံ ချပြနိုင်ခြင်း မရှိသေးပါ။