အကြွေးတင် ပဲကုန်သည် ၅ ဦးပိုင် ပစ္စည်းများ လေလံတင်

အကြွေးတင် ပဲကုန်သည် ၅ ဦးပိုင် ပစ္စည်းများ လေလံတင်
by -
မေကျော်
ပဲဖိုးငွေ ကျပ်သိန်းပေါင်း ထောင်ချီ အကြွေးပေးရန်ရှိသည့် ပဲကုန်သည်ကြီး ၅ ဦးထံမှ သိမ်းဆည်းထားသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ယခုလ ရ ရက်နေ့က ရန်ကုန်တွင် လေလံတင် ရောင်းချခဲ့ ...

ချင်းမိုင် (မဇ္စျိမ)။    ။ ပဲဖိုးငွေ ကျပ်သိန်းပေါင်း ထောင်ချီ အကြွေးပေးရန်ရှိသည့် ပဲကုန်သည်ကြီး ၅ ဦးထံမှ သိမ်းဆည်းထားသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ယခုလ ရ ရက်နေ့က ရန်ကုန်တွင် လေလံတင် ရောင်းချခဲ့သည်။

၂ဝဝ၈ ခု နိုဝင်ဘာလဆန်းတွင် ပဲကုန်သည်များ၊ နိုင်ငံခြားသို့ ပဲတင်ပို့သည့် ကုမ္ပဏီများသည် ကြိုရောင်းကြိုဝယ် စနစ်ဖြင့် ပဲများကို ငွေမချေသေးဘဲ အပြန်အလှန် ရောင်းဝယ်ခဲ့ပြီးနောက် နိုင်ငံခြားသို့ တင်ပို့ရာတွင် စျေးနှုန်းများ ထိုးကျရာမှ ပဲဖိုးငွေ ပြန်ပေးရန် ပျက်ကွက်ခဲ့သည့် ကုန်သည် ၅ ဦးထံမှ ပစ္စည်းများကို လေလံပစ်ခြင်းဖြစ်သည်။

ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း - UMFCCI ရုံးချုပ်၏ ဒုတိယထပ်တွင် ပြုလုပ်သည့် လေလံပွဲသို့ သတင်းထောက်များ တက်ရောက်ခွင့် မပြုခဲ့ကြောင်း ရုံးချုပ်နှင့် နီးစပ်သူများက ဆိုသည်။

သို့သော်လည်း အခြေအနေ အသေးစိတ်ကို သူတို့က ပြောဆိုနိုင်ခြင်း မရှိကြပါ။

လေလံပွဲနှင့်ပတ်သက်ပြီး UMFCCI မှ တာဝန်ရှိသူများကလည်း ဖြေကြားရန် ငြင်းဆိုခဲ့ကြသည်။

ကုန်သည်/စက်မှု အသင်း ဒုဥက္ကဋ္ဌ ဦးဝင်းအောင် ဦးစီးသော ဖျန်ဖျေရေးကော်မတီမှ ကြီးကြပ်ကာ စီးပွား/ ကူးသန်း ဝန်ကြီးဌာနနှင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ ပူးတွဲကာ လေလံပွဲကို ပြုလုပ်ခဲ့သည်။

ပဲအရောင်းအဝယ် အရှုပ်တော်ပုံတွင် ကုမ္ပဏီချင်း၊ ကုန်သည်ချင်းနှင့် ကုမ္ပဏီများနှင့် ကုန်သည်များအကြား အငြင်းပွားမှုများ ဖြစ်ခဲ့ရာ ကုမ္ပဏီပေါင်း ၂ဝ ခန့်နှင့် ကုန်သည်ဦးရေ ဆယ်ဂဏန်းအထိ ပါဝင်ပတ်သက်ခဲ့သည်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်းနှင့်အတူ မြန််မာနိုင်ငံမှ နိုင်ငံခြားသို့ ပဲတင်ပို့မှုများ နှေးကွေးခဲ့သဖြင့်၊ စျေးနှုန်းများ ကျဆင်းခဲ့သောကြောင့် ရန်ကုန် ပဲရောင်းဝယ်ရေး လောကတွင် ယခုလို ငွေကြေးအရှုပ်အရှင်းများ ဖြစ်ခဲ့သည်။

ဝယ်ယူရောင်းချစဉ်က ပဲတတန်လျှင် ကျပ်ငွေ ရ သိန်းကျော် ပေါက်စျေးရှိခဲ့ရာမှ နိုင်ငံခြားသို့ တင်ပို့ချိန်တွင် ၃ သိန်းကျော်သာ ရှိတော့သဖြင့် အရောင်းအဝယ် မရှိဘဲ အဆုံးအရှုံးများ ဖြစ်ခဲ့သည်။

အရှုပ်အရှင်း ဖြစ်ပေါ်စဉ် ပဲဖိုးငွေ မပေးချေဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဝယ်လက်ကြီးသမား ကုန်သည်များကို အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် UMFCCI သို့ ယခုအမှုများကို လွှဲပြောင်းကာ ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည်။

နစ်နာဆုံးရှုံးသူများဘက်က ငွေစာရင်းရှင်းတမ်းများဖြင့် တိုင်တန်းခဲ့သည့် အမှုတွဲပေါင်း ၄ဝ ခန့်ကို ကိုင်တွယ်ခဲ့ရသည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ ပဲလောက၏ ကုမ္ပဏီကြီးတခုမှပင် ပေးချေရမည့် ပဲတန်ဖိုးငွေမှာ အမေရိကန် ဒေါ်လာ ၁ဝ သန်းခန့်ပင် ရှိသည်ဟု သိခဲ့ရသည်။

ပဲကုန်သည်ကြီး ၅ ဦးထံမှ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ၂ဝဝ၈ ခုနှစ် နှစ်ကုန်ပိုင်းက သိမ်းဆည်းကာ ယခုမှ လေလံပစ်ခဲ့ခြင်းဖြစ်သည်။

လေလံပွဲ အခြေအနေကို အသေးစိတ် သိနိုင်ရန်အတွက် မဇ္စျိမက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Most read this week