ထိုက်သင့်ပြစ်ဒဏ် မဟုတ်သဖြင့် ဘလော့ဂါ ၂ ဦးကို လွှတ်ပေးရန် RSF တောင်းဆို

ထိုက်သင့်ပြစ်ဒဏ် မဟုတ်သဖြင့် ဘလော့ဂါ ၂ ဦးကို လွှတ်ပေးရန် RSF တောင်းဆို
by -
နန်းဒေဝီ
မြန်မာ ဘလော့ဂါများဖြစ်သည့် ကိုသူရ (ခေါ်) ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ပြစ်ဒဏ်ပေးခဲ့ခြင်းသည် ထိုက်သင့်ပြစ်ဒဏ်များ မဟုတ်သဖြင့် ပြန်လွှတ်ပေးရန် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တခုက ယနေ့ တောင်းဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာ ဘလော့ဂါများဖြစ်သည့် ကိုသူရ (ခေါ်) ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ပြစ်ဒဏ်ပေးခဲ့ခြင်းသည် ထိုက်သင့်ပြစ်ဒဏ်များ မဟုတ်သဖြင့် ပြန်လွှတ်ပေးရန် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တခုက ယနေ့ တောင်းဆိုသည်။   

အင်တာနက်မှတဆင့် မိမိအမြင်များကို ရေးခဲ့သဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ကိုဇာဂနာနှင့် အစိုးရကို နှောင့်ယှက်သည်ဟု စွပ်စွဲသည့် ဗီဒီယိုခွေ လက်ဝယ်တွေ့ရှိမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျနေသူ ကိုနေဘုန်းလတ်တို့ကို ထိုက်သင့်သော ပြစ်ဒဏ်ပေးခြင်းမျိုး မဟုတ်သောကြောင့် ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာသို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က တောင်းဆိုခြင်း ဖြစ်သည်။    

“သူတို့ဟာ ဒီလို နှစ်ရှည်ထောင်ဒဏ် ချခံနိုင်လောက်တဲ့ အပြစ်ပေးခြင်းမျိုး မခံထိုက်ပါဘူး။ ဒါကြောင့် လွှတ်ပေးရမယ်” ဟု ယနေ့ထုတ် RSF ကြေညာချက်တွင် ဖော်ပြထားသည်။    

အင်တာနက် အသုံးပြုခြင်း ကွင်းဆက်များကြောင့် နှစ်ရှည်ထောင်ဒဏ် ပေးခံရသည့်အပေါ် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်၏ အမှုကို လိုက်လံဆောင်ရွက်ပေးနေသူ ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းကလည်း ယခုလိုပင် ပြောဆိုသည်။   

“ဒီအမှုမျိုးက အဲဒီလောက်အထိ ထောင်ဒဏ်ကျခံရမယ့် အမှုမျိုး မဟုတ်ဘူး။ ဒီအင်တာနက်၊ အီးမေးလ်အပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ဟာကိုး” ဟု သူက ပြောသည်။    

မြန်မာပြည်သို့ သွားရောက်လည်ပတ်မည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအနေဖြင့် သူတို့ ၂ ဦးအပေါ် ဥပဒေရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုသည် စစ်အစိုးရမှ အထူးတရားရုံးသို့ တိုက်ရိုက်အမိန့်ဖြင့် ကိုင်တွယ်နေခြင်း ဖြစ်သောကြောင့် မည်သည့်အရာများ ဖြစ်ပေါ်နေသည်ကို အနီးကပ် အာရုံစိုက်စေလိုကြောင်း RSF ကြေညာချက်က ဆိုသည်။   

ပြီးခဲ့သည့်နှစ် ဇွန်လဆန်းပိုင်းက နာဂစ်လေဘေး ကူညီပေးနေစဉ် ကိုဇာဂနာကို နေအိမ်မှ ဖမ်းခေါ်သွားပြီး၊ သူ့ကို အီလက်ထရောနစ် အက်ဥပဒေ၊ နိုင်ငံတော် လုံခြံုရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချခဲ့ရာမှာ နောက်ပိုင်းတွင် ၃၅ နှစ်သို့ လျှော့ချပေးခဲ့သည်။   

လူငယ်ဘလော့ဂါ ကိုနေဘုန်းလတ်ကိုမူ နိုင်ငံတော် လုံခြံုရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဗီဒီယို အက်ဥပဒေနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် ထောင်ဒဏ် နှစ် ၂ဝ ချခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီလတွင် ၈ နှစ်ခွဲအထိ လျှော့ပေးခဲ့သည်။    

သူတို့ ၂ ဦး ပြစ်ဒဏ်မှ ကွင်းလုံးကျွတ် လွတ်ရန်အတွက် ရန်ကုန် တရားရုံးချုပ်တွင် အယူခံ ထပ်တင်ထားသည်။   

“ကိုနေဘုန်းလတ် အယူခံကိုတော့ ဧပြီလ ၆ ရက်က တင်ထားတယ်။ လုပ်ထုံးလုပ်နည်းအရ နဲနဲကြာအုံးမယ်။ အခု အယူခံတင်ထားတာက ပြစ်ဒဏ်ကနေ ကွင်းလုံးကျွတ်လွတ်အောင် လုပ်နေတာပါ။ ကျနော်တို့ကတော့ အကောင်းကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အစိုးရ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရအုံးမယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။    

လက်ရှိတွင် အာဏာပိုင်များက ကိုဇာဂနာကို ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းထားပြီး၊ ကိုနေဘုန်းလတ်ကို ကရင်ပြည်နယ် ဘားအံထောင်တွင် ထားရှိသည်။    

သွေးတိုးနှင့် နှလုံးရောဂါ အခံရှိသည့် ကိုဇာဂနာထံ ထောင်ဝင်စာ သွားတွေ့ရာ ယခင်ထောင်ဝင်စာ တွေ့ရက် မစေ့သေးဟုဆိုကာ တွေ့ခွင့်မပေးသဖြင့် ခယ်မဖြစ်သူ မငြိမ်းသည် ယနေ့တွင် မြစ်ကြီးနားမှ ရန်ကုန်သို့ ပြန်ရောက်လာသည်။    

“မသွားခင် တရက်အလိုကတည်းက မြစ်ကြီးနားထောင်မှူး ဦးလှရွှေက တွေ့ခွင့်ပေးပါမယ် ပြောထားတာ။ ဟိုရောက်တော့ ပေးမတွေ့ဘူး။ လူမှုရေး ငဲ့ညှာပြီးတော့ ပေးတွေ့မလားဆိုပြီး ပြောကြည့်ပါသေးတယ်။ မရဘူး။ ပါဆယ်ထုပ်တွေလည်း မထားခဲ့တော့ဘူး။ ကိုသူရ (ကိုဇာဂနာ) ဆီ ရောက်၊ မရောက် မသေချာတော့” ဟု မငြိမ်းက မဇ္စျိမကို ပြောသည်။    

ထို့အပြင် ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်ရှိ အချစ်ဂျာနယ်တွင် ကဗျာစာကြောင်းများ၏ ထိပ်စီးစာလုံးများတွင် 'အာဏာရူးကြီး မှူးကြီးသန်းရွှေ' ဟူသည့် အဓိပ္ပာယ်ထွက်သည့် ကဗျာကို ရေးသားကာ စစ်ကောင်စီ အကြီးအကဲကို လှောင်ပြောင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရပြီး၊ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျနေသည့် ကဗျာဆရာ စောဝေသည် ရမည်းသင်းထောင်တွင် အစာအိမ်ရောဂါ ပြင်းထန်စွာ ခံစားနေရသည်။   

ကိုစောဝေ၏ ဇနီးသည် ဒေါ်နန်းစန်းစန်းအေးက “နဂိုကတည်းက အစာအိမ်ရောဂါ ရှိတယ်။ အခုလည်း အစာ မစားနိုင်လို့ဆိုပြီး အစာအိမ် တော်တော်ဆိုးတယ်လို့ ကြားနေရတယ်။ မနက်ဖြန် ကျမ ထောင်ဝင်စာ သွားတွေ့မယ်” ဟု မဇ္စျိမကို ပြောသည်။   

မြန်မာစစ်အစိုးရက သတင်းမီဒီယာလောကကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး၊ မြန်မာသတင်း မီဒီယာသမားများအပြင် ဘလော့ဂါ ၁ဝ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။