စစ်တပ်က ရိုက်သဖြင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရ

စစ်တပ်က ရိုက်သဖြင့် အတွင်းလူနာအဖြစ် ဆေးရုံတက်ရ
by -
ဖနိဒါ
ရန်ကုန်တိုင်း သုံးခွမြို့နယ်ရှိ ရွာတရွာတွင် ဆွေမျိုးသားချင်း စကားများရာ ဒေသအခြေစိုက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်သဖြင့် လူတဦး ဆေးရုံတက် ကုသနေရသည်။ မတ်လ ၂၆ ရက်နေ့က မော်ကွန်းသာရွာရှိ ၃ဝ နှစ်အရွယ် ဦးအေးသိန်းနှင့် ဇနီး မစန်းဝေသည် ဦးအေးသိန်း၏ ညီ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ရန်ကုန်တိုင်း သုံးခွမြို့နယ်ရှိ ရွာတရွာတွင် ဆွေမျိုးသားချင်း စကားများရာ ဒေသအခြေစိုက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်သဖြင့် လူတဦး ဆေးရုံတက် ကုသနေရသည်။    

မတ်လ ၂၆ ရက်နေ့က မော်ကွန်းသာရွာရှိ ၃ဝ နှစ်အရွယ် ဦးအေးသိန်းနှင့် ဇနီး မစန်းဝေသည် ဦးအေးသိန်း၏ ညီ ကိုမျိုးနှင့် စကားများရာ ရွာကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ခြေလျင်တပ်ရင်း - ခလရ ၁၃၉ သို့ တိုင်သဖြင့် ဖမ်းဆီးရိုက်နှက်၍ ဆီးအိမ် ဒဏ်ရာဖြင့် သုံးခွမြို့နယ် ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ယနေ့တိုင် ကုသနေရဆဲဖြစ်သည်။

“စကားများကြတာ၊ တယောက်နဲ့တယောက် ပြောဆိုတာကို စစ်တပ်ကို သွားတိုင်လိုက်တာ။ စစ်တပ်ကနေ ထိပ်တုံးခတ်ပြီး၊ ရိုက်လွှတ်လိုက်တာ။ ဆီးအိမ်ထိပြီးတော့ ပိုက်သွင်းထားရတယ်။ ဆေးရုံကို အတွင်းလူနာအဖြစ် ရောက်နေတာ အခုထိပဲ။ ၁၃ ရက်ရှိနေပြီ၊ ဆေးရုံပေါ်မှာပဲ” ဟု အခင်းဖြစ်သူများနှင့် နီးစပ်သူက မဇ္စျိမကို ပြောသည်။   

ကိုမျိုးကို ဆဲဆိုအော်ဟစ်သည်ကို မကျေနပ်သည့် ယောက္ခဖြစ်သူက ကျေးရွာကောင်စီသို့ တိုင်ကြားရာမှာ ကောင်စီဥက္ကဋ္ဌက စစ်တပ်ကို ဆက်လက်တိုင်ကြားသဖြင့် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဇနီးမောင်နှံနှစ်ဦး အဖမ်းခံခဲ့ကြရသည်။

ထိုနေ့ ည ရ နာရီခန့်တွင် ဗိုလ်ကြီး၏ အမိန့်ကြောင့် တပ်ကြပ်က ခါးနှင့် တင်ပါးကို ဝါးလုံးဖြင့် ၃ ချက်မှ ၆ ချက်အထိ ရိုက်နှက်ကာ နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့ပြီးနောက်၊ နောက်တရက်တွင် ဆီးအိမ်ဒဏ်ရာဖြင့် ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်လိုက်ရခြင်းဖြစ်သည်။

နီးစပ်သူက “ဆရာဝန်ကြီး ကိုယ်၌က သူ့ ဆေးမှတ်တမ်းမှာ ရေးထားတာ တွေ့ရတယ်။ သူ့ဆေးမှတ်ချက် မှာပေ့ါနော်။ ဆီးအိမ်ထိသွားတယ် ဆိုတာတွေကို အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးထားတယ်'' ဟု ဆိုသည်။    

ယခုလို ရိုက်နှက်မှုကို မြို့နယ်ကောင်စီ (မယက) နှင့် ရဲစခန်းတွင် အမှုဖွင့်ထားရာ ရဲဌာနက ပြေလည်စေရန် လာရောက် ညှိနှိုင်းခဲ့သော်လည်း ဒေါ်စန်းဝေတို့ဘက်က လက်မခံကြောင်းနှင့် အမိန့်ပေးခဲ့သူ ဗိုလ်ကြီး လှိုင်မျိုးဝင်းကိုမူ ပြီးခဲ့သည့် ၂ ရက်ခန့်က အခြား တပ်ရင်းသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။