ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ကုန်းတွင်း ရေနံလုပ်ကွက်များကို လုပ်ကိုင်နေသည့် အိန္ဒိယ Essar ရေနံကုမ္ပဏီ ရေနံတူးဖေါ်ရန်အတွက် ကျေးရွာနှစ်ရွာကို ပြောင်းရွှေ့ပစ်မည်ဟု အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ များမကြာကမှီက ပြောကြားလိုက်သည်။
မတ်လ ၂၂ ရက်နေ့က စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး ရောက်ရှိလာစဉ် ရေနံတူးဖေါ်ရာ လုပ်ကွက်အနီးတွင် တည်ရှိသော ကျေးရွာ နှစ်ရွာကို ပြောင်းရွှေ့ပစ်ပြီး ဝါဘိုတွင် တည်ဆောက်ပေးမည်ဟု ပြောကြား ခဲ့သည်။
ပြောင်းရွေ့ခံရမည့် ကျေးရွာနှစ်ရွာမှာ ညိုရောင်ချောင်းနှင့် မီးလောင်ရွာ ကျေးရွာတို့ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာနှစ်ရွာ နှစ်ခုစလုံးသည် ဝါဘိုကျေးရွာနှင့် တမိုင်ခွဲခန့် အကွာအဝေးတွင် တည်ရှိသည််။
အမည်မဖေါ်လိုသူ ညိုရောင်ချောင်း ကျေးရွာ သားတဦးက “ကျွန်တော်တို့ရွာနဲ့ မီးလောင်ရွာကို ဖြိုပြီး ဝါဘိုရွာမှာ တစုတည်း တည်ဆောက် ပေးမယ်လို့ ပြောတယ်။ ဘယ်ချိန် ပြောင်းရွှေ့ ရမယ်ဆိုတာတော့ ပြောမသွားပါဘူူး။ အခုက မိုးရာသီလည်းရောက်တော့မယ် ဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကျွန်တော်လည်း မသိသေးပါဘူးဟု” ပြောသည်။
ညိုရောင်ချောင်းကျေးရွာတွင် အိမ်ခြေတရာခန့်ရှိပြီး မီးလောင်ရွာကျေးရွာမှာ လူနေအိမ်ခြေ ခြောက်ဆယ်ကျော်ရှိသည်။
ဝါဘိုကျေးရွာမှာ အိမ်ခြေခြောက်ရာနီပါးရှိပြီး ရက်ကန်းလုပ်ငန်းကို အဓိကထာားလုပ်ကိုင်ကာ နာမည်ကြီး ရခိုင်လုံချည်နှင့် တခြား လက်ရက်အထည်များ ထွက်ရှိသည့်ကျေးရွာဖြစ်သည်။
ယခုကဲ့သို့ ကျေးရွာနှစ်ရွာကို ပြောင်းရွေ့ရမည်ဟု တိုင်းမှူးမှပြောကြားလိုက်သည့် အတွက် ရေနံစတင်ရှာဖွေကတည်း အဖိုးအခ တပြားတချပ်မှမရဘဲ လယ်မြေများ ဆုံးရှုံးခဲ့ရသည့်အပြင် ယခုအခါ ရွာကိုပါ ပြောင်းရွေ့ပေးရမည့် အခြေအနေ ဆိုက်ရောက်နေသည့်အတွက် ကျေးရွာသားများ အနေဖြင့် အထူးမကျေနပ် ဖြစ််နေကြသည်ဟု အဆိုပါရွာသားမှ ပြောသည်။