ဖြစ်လာမည့် အကျိုးဆက် နအဖ တာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို

ဖြစ်လာမည့် အကျိုးဆက် နအဖ တာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို
by -
ဖနိဒါ
လူ့အခွင့်အရေး လေးစားလိုက်နာပြီး အပြောင်းအလဲ မလုပ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်သည် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ပြောဆို ...

ချင်းမိုင် (မဇ္ဈိမ)။     ။ လူ့အခွင့်အရေး လေးစားလိုက်နာပြီး အပြောင်းအလဲ မလုပ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်သည် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ပြောဆိုသည်။   

လူ့အခွင့်အရေးနှင့် အပြောင်းအလဲများ တည်ရှိမှသာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသွားစေနိုင်ကာ တိုင်းပြည်နှင့် လူထုအတွက် အကျိုးရှိနိုင်မည်ဟု ထောက်ပြ ရေးသားထားသည့် မြန်မာစစ်အစိုးရထံ ယနေ့ ပေးပို့သည့် အိပ်ဖွင့်ပေးစာထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက ပြောဆိုထားခြင်း ဖြစ်သည်။    

“ဥရောပသမဂ္ဂနဲ့ အမေရိကန်က သူတို့မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်ပေါ့နော်။ နအဖကလည်း Sanction (ပိတ်ဆို့အရေးယူရေး) ဖွင့်ဖို့ပဲ တစာစာ တောင်းနေတယ်။ ကျနော်တို့ကလည်း ပြည်သူတွေ ကြံုတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လွတ်မြောက်ကျော်လွန်သွားစေမယ့် လုပ်ငန်းစဉ် တင်ပြချက်တွေ၊ ကျိုးကြောင်းဆီလျော်တဲ့ အချက်တွေ ဖြစ်တယ်လို့ ယုံတယ်။ နအဖ က ပစ်ပယ်ထားမယ်၊ သူတို့ အကျိုးတခုပဲ ကြည့်ပြီး ဆက်သွားနေမယ်ဆိုရင် ပေါ်လာမယ့် ဆိုးကျိုးတွေ အားလုံးက နအဖ မှာပဲ တရားခံဖြစ်တယ်” ဟု မြန်မာပြည်တွင်းမှ ၈၈ မျိုးဆက်ကျောင်းသား ကိုနေမျိုးက မဇ္ဈိမကို ပြောသည်။    

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကလည်း  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော် ခေါ်ယူပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး စသည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ရန် ပြည်သူတရပ်လုံး၏ အကျိုးကိုရှေ့ရှု၍ တာဝန်ရှိစွာ တောင်းဆိုချက်များနှင့်လည်း တထပ်တည်းဖြစ်သည်ဟု သူက ဆက်ပြောသည်။    

ပေးစာထဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေသူများကို ကန့်သတ်ဖိနှိပ်၊ ဖမ်းဆီးထောင်ချခြင်းများကိုသာ နအဖ စစ်အစိုးရက ဆက်တိုက် ကျူးလွန်နေသည့်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသော နိုင်ငံကြီးများက နိုင်ငံရေး စီးပွားရေး လူမှုရေး အထွေထွေ ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။    

ပိတ်ဆို့မှုများနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရ ကြိမ်မြောက် ရောက်ရှိလာသည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခဲ့ရာ “ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း” တောင်းဆိုခဲ့သည်။    

ကိုနေမျိုးက “ပြည်သူတွေ နေ့စဉ် ကြံုတွေ့နေရတဲ့ ကိစ္စအဝဝနဲ့ နစ်မွန်းနေကြတဲ့ အခါကျတော့ နိုင်ငံရေးဘက်ကို ဦးမတည်နိုင်ကြဘူး။ စိတ်ဝင်စားမှု မရှိဘူး။ ရှိတဲ့လူတွေကလည်း ကြောက်ကြတယ်။  ဒီအချိန်မှာ မကြောက်ပါနဲ့ အမှန်တရားကို သတ္တိရှိရှိနဲ့ ပူးပေါင်း တိုက်ပွဲဝင်သွားလို့ ရှိရင် ကျနော်တို့ တောင်းဆိုနေတာ လက်တကမ်းမှာပဲ ရှိတယ်” ဟု ပြောသည်။   

အိတ်ဖွင့်ပေးစာကို ယနေ့တွင် နအဖ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီး နိုင်ငံခြားရေးနှင့် စီမံကိန်း ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဌာန အသီးသီးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။