မူဆယ်-မန္တလေး ကားလိုင်းများ မပြေးဆွဲရ

မူဆယ်-မန္တလေး ကားလိုင်းများ မပြေးဆွဲရ
by -
မျိုးကြီး
ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်နှင့် မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ် လိုင်းများကို အာဏာပိုင်များက ယခုလ ၄ ရက်နေ့မှ စတင်ကာ တလတိတိ ပြေးဆွဲခွင့် ပိတ်လိုက် ...

ရွှေလီ (မဇ္စျိမ)။     ။ ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်နှင့် မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ် လိုင်းများကို အာဏာပိုင်များက ယခုလ ၄ ရက်နေ့မှ စတင်ကာ တလတိတိ ပြေးဆွဲခွင့် ပိတ်လိုက်သည်။

ခရီးသည်တင် မှန်လုံအမြန် Express အမျိုးအစား ကားလိုင်းများထဲမှ အာဏာပိုင်များ ပိုင်ဆိုင်သည့် နှစ်လိုင်းမှအပ ကျန်ကားလိုင်း အားလုံး အပိတ်ခံရခြင်း ဖြစ်သည်။

''ဒီလ ၄ ရက်နေ့က လိုင်းဆွဲတာတွေ ရပ်လိုက်ပြီ။ တန်ခူးလ နောက်ပိုင်းမှပဲ ပြန်ဆွဲဖြစ်မယ်။ လောလောဆယ် စိတ်ကြိုက်နဲ့ မိုးကောင်းကင်လိုင်းတွေပဲ ဆွဲနေတာပေါ့'' ဟု ရွှေလီဦးကားလိုင်းမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပြေးဆွဲခွင့် ဆက်ရသည့် စိတ်ကြိုက်လိုင်းမှာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ - တိုင်းမှူး အောင်သန်းထွဋ်၏ ညီဖြစ်သူက ပိုင်ဆိုင်ပြီး၊ မိုးကောင်းကင်မှာမူ ဒေသအာဏာပိုင်များ ပူးတွဲဖွင့်လှစ်ထားသည့် ကားလိုင်း ဖြစ်သည်။

မူဆယ်တွင် မိုးကောင်းကင်၊ ရွှေလီဦး၊ ရတနာစိုး၊ ချမ်းသာအောင်၊ စိတ်ကြိုက်၊ ရွှေမန်းမေ၊ တောင်ပြာတန်း စသည့် မှန်လုံ အမြန်ကားလိုင်းများ ရှိသည်။

မည်သို့ကြောင့် ရပ်နားခိုင်းရသည်ကို ရွှေလီဦးလိုင်းက ''သင်္ကြန်ရက်က နီးလာတာကြောင့်၊ အဲဒါကြောင့်ပါ။ ကျနော်တို့ကလည်း ဒီကြားထဲ ပြဿနာ မတက်ချင်တာကြောင့် ရပ်နားလိုက်ရတာပါ'' ဟု ဆိုသည်။

ကားလိုင်းတလိုင်းမှ တာဝန်ရှိသူတဦးကလည်း ''တလ ပိတ်တယ်ဆိုတော့ နစ်နာတာပေါ့ဗျာ။ နိုင်ငံတော်ကိုလည်း အသနားခံစာ တင်ထားတယ်။ ကယ်ရီတင်တဲ့ ကိစ္စတွေပေါ့နော်။ ရွှေလီဦးကတော့ ပါစင်ဂျာ (ခရီးသည်) သက်သက်ပဲ ဆွဲတယ်။ တရက်ကို ကား ၃ စီး ထွက်တယ်။ အဲဒါတွေ မကျေနပ်တာ ပါမယ်ထင်တယ်'' ဟု ပြောသည်။

ပြေးဆွဲခွင့် ပြန်ရရန် ကြိုးစားလျက် ရှိသဖြင့် အသေးစိတ် မပြောပြလိုကြောင်း သူက ဆိုသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ရက် နီးကပ်လာချိန်တွင် ယာဉ်လိုင်းများ ရုတ်တရက် ပိတ်ချလိုက်သဖြင့် မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ တရုတ်နိုင်ငံ နယ်စပ်ဒေသများသို့ သွားရောက် အလုပ်လုပ်နေသော မြန်မာလုပ်သားများ၏ အားလပ်ရက် အိမ်ပြန််ခရီးမှာ အခက်အခဲရှိကြောင်း အလုပ်သမား ကိုဆန်းက ပြောသည်။

သူက ''လွန်ခဲ့တဲ့ နှစ်ရက်က မူဆယ်မှာ သူငယ်ချင်းကို လိုက်ပို့တော့ မန္တလေးမှန်လုံကား လက်မှတ် လုံးဝ ဝယ်လို့ မရဘူး။ အကုန်လုံး လူတွေ ပြည့်နေတယ်။ ဘယ်လိုဖြစ်လဲ မသိဘူး။ ခရီးသည်ပစ္စည်းတွေလည်း အကုန်လုံး စုပုံခိုင်းထားတယ်။ တခြား Van တို့၊ Hi-Ace တို့နဲ့ လိုက်ရတယ်'' ဟု ပြောသည်။

ထို့အပြင် ယခု ရက်ပိုင်းအတွင်း မူဆယ်-မန္တလေး ပြေးဆွဲနေသည့် အခြားယာဉ်ငယ်များကို အာဏာပိုင်များက အစစ်အဆေးများ ပြုလုပ်နေကြောင်း သိရသည်။   

ယမန်နေ့ကလည်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်အလွန် နမ့်အွန်ရွာတွင် Van TownAce Sunny အမျိုးအစား ခရီးသည်တင်ကား ၁၁ စီးကို ရှာဖွေဖမ်းဆီးမှုများ လုပ်ခဲ့ကြောင်း မူဆယ် ကုန်သည်ကြီးတဦးက ပြောသည်။

''ဒီက တင်သွားတဲ့ ပန်းသီးတို့၊ မုန့်ဖာတို့ အဲဒါတွေကို ဖမ်းတာပေါ့။ ကားအားလုံး ၁၁ စီး အဖမ်းခံရတယ်။ မူဆယ်က ကာစတန် (အကောက်ခွန်) မှူး ဦးဝင်းမြင့်တို့အဖွဲ့ သွားဖမ်းတာ'' ဟု သူက ပြောသည်။

Most read this week