ခဲနှင့် အာဆင်းနစ် လွန်ကဲသော တိုင်းရင်းဆေး ၂ မျိုး ပိတ်

ခဲနှင့် အာဆင်းနစ် လွန်ကဲသော တိုင်းရင်းဆေး ၂ မျိုး ပိတ်
ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် အဆ များစွာ လွန်ကဲ အသုံးပြုထားသော ဒေါ်ထွေး ဂေါမုတ္တဆေးနှင့် ဒေါ်ကျင် ကလေးသူငယ်နာ ဝမ်းပုပ်ချဆေး တို့ကို ထုတ်လုပ်ရောင်းချခွင့် ပိ်တ်လိုက်သည်။ အမေရိကန်နေ မြန်မာ ကလေးငယ်များတွင် ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် လွန်ကဲနေမှုကို စုံစမ်း ...

ရန်ကုန် (မဇ္ဈိိမ)။     ။ ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် အဆ များစွာ လွန်ကဲ အသုံးပြုထားသော ဒေါ်ထွေး ဂေါမုတ္တဆေးနှင့် ဒေါ်ကျင် ကလေးသူငယ်နာ ဝမ်းပုပ်ချဆေး တို့ကို ထုတ်လုပ်ရောင်းချခွင့် ပိ်တ်လိုက်သည်။

အမေရိကန်နေ မြန်မာ ကလေးငယ်များတွင် ခဲဓာတ်နှင့် အာဆင်းနစ်ဓာတ် လွန်ကဲနေမှုကို စုံစမ်းရာမှ ယင်းဆေး ၂မျိုးတွင် အန္တရာယ် ဖြစ်စေသော ဓာတ်များ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ပါလာခဲ့ပြီးနောက် ကျန်းမာရေး ဝန်ကြီးဌာနက တိုင်းရင်းဆေး ၂ မျိုးကို ပိတ်လိုက်ခြင်း ဖြစ်သည်။

ရုတ်တရက် ထုတ်လုပ်ရောင်းချခွင့် ပိတ်ခံရသော ယင်းတိုင်းရင်းဆေး ၂ မျိုးလုံးမှာ မကြာသေးခင် ကာလ ကမှ တိုင်းရင်းဆေး ဦးစီးဌာနနှင့် ဆေးသုတေသနတို့ ထံမှ တရားဝင် ထုတ်လုပ်ခွင့် ၃နှစ်စီ ထပ်မံ ရရှိထားသည်။

“၂ဝဝ၈ ခုနှစ် နိုဝင်ဘာလတုန်းက ကျနော်တို့ တခေါက် တင်ပြထားပြီးသားပါ။ အဲဒီတုန်းကတော့ သူတို့က ကျနော်တို့ ဆေးထဲမှာပါတဲ့ ဆေးဒန်းနဲ့ ကန့်တိုက်နှစ်မျိုးကို မထည့်ဖို့ပြောလို့ အဲဒါတွေ ဖယ်ပြီး ထပ်တင်တော့ ခွင့်ပြုချက်ကျလို့ ဆက်ထုတ်နေတာပါ။ ကျနော်တို့ ဆေးကို သူတို့စစ်ဆေးပြီး ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ ဆက်လက် ထုတ်လုပ် ရောင်းချဖို့ လိုင်စင်ချထား ပေးပြီးသားပါ” ဟု မုံရွာမြို့ ဂေါမုတ္တဆေးတိုက်မှ တာဝန်ခံတဦးက ဖြေကြားသည်။

အာဆင်းနစ် ခေါ် စိန်အဆိပ်ဓာတ်သည် ဦးနှောက်၊ အာရုံကြော ပျက်စီးစေပြီ သွေးထဲတွင် ပမာဏများ ပါက သေဆုံးသည် အထိ ဖြစ်စေနိုင်ကာ ခဲဓာတ်သည် အာရုံကြော ပျက်စီးစေသည်။

အမေရိကန် ဖို့ဝိန်းမြို့သို့ ရွှေ့ပြောင်း ရောက်ရှိသွားသော မြန်မာ ဒုက္ခသည်များ၏ တိုက်ခန်းများကို တခန်းဝင် တခန်းထွက် စစ်ဆေးပြီးနောက် အင်ဒီယားနားပြည် ကျန်းမာရေးဌာနက စားသုံးရန် မသင့်ကြောင်း တားမြစ်ခဲ့သည်။

ဒေါ်ကျင်ဆေးတိုက်မှ တာဝန်ရှိသူ တဦးကလည်း “ကျနော်တို့ ဇန်နဝါရီလကမှ နေပြည်တော်မှာ သွားပြီး တိုင်းရင်းဆေး ဦးစီးဌာနမှာ ဆက်လက ်ထုတ်လုပ်ရောင်းချခွင့် လိုင်စင် သွားလျှောက်တယ်။ သူတို့ကလည်း စစ်ဆေးပြီး ၃ နှစ် ဆက်လက် ထုတ်လုပ်ရောင်းချခွင့် ပေးထားပြီးသားပါ။ အခုမှ ကြေညာတယ် ဆိုတော့ ကျနော်လည်း နားမလည်တော့ဘူး”ဟု ပြောသည်။

အဆိပ်အတောက် ဖြစ်စေနိုင်သော သတ္တူမာ (Heavy Metal) များ ပါဝင် ဖော်စပ်ထားသောကြောင့် အများပြည်သူ သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးဝါးများ ဖြစ်သည်ဟုသာ ယခုလ ၄ရက်နေ့ ထုတ် စစ်အစိုးရထုတ် သတင်းစာများတွင် ကြေညာခဲ့သော်လည်း အသေးစိတ် ထည့်သွင်းရန် ပျက်ကွက်ခဲ့သည်။