မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်

မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်
by -
မေကျော်
ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ မြန်မာပြည်တွင်းသို့ ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အဆုံးသတ် ...

ချင်းမိုင် (မဇ္စျိမ)။     ။ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ မြန်မာပြည်တွင်းသို့ ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အဆုံးသတ်မည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ စတင်မည့် ပိုက်လိုင်းမှာ အထက်မြန်မာပြည် မြို့တော် မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မှတဆင့် တရုတ်နယ်စပ်မြို့ ရွှေလီကို ဖြတ်ကာ နိုင်ငံ့အရှေ့တောင်ဘက် ယူနန်ပြည်နယ် ကူမင်းတွင် အဆုံးသတ်မည်ဟု ယနေ့ထုတ် Asia Times အွန်လိုင်းသတင်းစာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

ဤသည်မှာ တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ လောင်စာဆီ အကြမ်းထည်ကို မလက္ကာ ရေလက်ကြားမှ သယ်ယူနေရာက၊ ယခုအခါ ဘင်္ဂလားပင်လယ်အော်မှ ဖြတ်သန်းကာ သယ်ယူရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။   

အဆိုပါ လောင်စာဆီ အကြမ်းထည်ကို ကျောက်ဖြူအနီး ကျွန်းတခုရှိ ဆီသိုလှောင်ကန်တွင် ထားရှိပြီးနောက် မြန်မာပြည်တွင်းသို့ သွယ်တန်းဖောက်လုပ်မည့် ပိုက်လိုင်းမှ အဆင့်ဆင့် သယ်ယူသွားမည်။   

လုပ်ငန်း အကောင်အထည် ပေါ်လာပါက တရုတ်၏ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသမှ လောင်စာဆီကြမ်းကို မလက္ကာရေလက်ကြားမှ ရေလမ်းဖြင့် သယ်ယူရခြင်းထက် လမ်းခရီးတွင် ကြန့်ကြာချိန်  တပတ်ခန့် လျှော့ချနိုင်မည်။

ပိုက်လိုင်းစီမံကိန်းကို တရုတ်စွမ်းအင်ကုမ္ပဏီ CNPC (China National Petroleum Corporation) က ၅ဝ ဒဿမ ၉ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၄၉ ဒဿမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်။

ပိုက်လိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ်ရန် လျာထားသည်။

တရုတ်သည် အာဖရိက နိုင်ငံအားလုံး၏ ရေနံထုတ်လုပ်မှု ၈၅ ရာခိုင်နှုန်းကို တင်သွင်းနေရပြီး အင်ဂိုလာ တနိုင်ငံတည်း ကပင် တရက် ရေနံစည် ၄၆၅,ဝဝဝ တင်ပို့နေသည်။

အရှေ့အလယ်ပိုင်း ရေနံနိုင်ငံများဖြစ်သော ဆော်ဒီအာရေးဗျ၊ အာရပ်ဆော်ဘွားများ ပြည်ထောင်စု၊ အိုမန်၊ ဘာရိန်း၊ ကာတာနှင့် ကူဝိတ်နိုင်ငံက တင်သွင်းနေပြီး၊ ဆော်ဒီအာရေးဗျ ရေနံထုတ်လုပ်မှု၏ ၄၅ ရာခိုင်နှုန်းခန့်ပင် ယူနေသည်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် ရေနံစည် သန်းပေါင်း ရ ဒဿမ ၁ သန်း လိုအပ်မည်ဟု ခန့်မှန်းထားသည်။

ယင်းကြောင့် ယခုပိုက်လိုင်းမှာ တရက်လျှင် ရေနံစည် သိန်း ဆယ်ဂဏန်းအထိ ဖြတ်သန်းသယ်ဆောင်ဖွယ် ရှိနေသည်။