သင်္ကြန်တွင် အဆိုတော်များ ဝတ်စားဆင်ယင်မှု ကန့်သတ်ခံရ

သင်္ကြန်တွင် အဆိုတော်များ ဝတ်စားဆင်ယင်မှု ကန့်သတ်ခံရ
by -
နန်းဒေဝီ
ရိုးရာသင်္ကြန်ပွဲအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှု အပါအဝင် တားမြစ်ချက်အချို့ကို ဂီတအစည်းအရုံးက အဆိုတော်များအတွက် စည်းကမ်းသတ်မှတ်လိုက် ...

နယူးဒေလီ (မဇ္စျိမ)။     ။ ရိုးရာသင်္ကြန်ပွဲအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှု အပါအဝင် တားမြစ်ချက်အချို့ကို ဂီတအစည်းအရုံးက အဆိုတော်များအတွက် စည်းကမ်းသတ်မှတ်လိုက်သည်။    

သင်္ကြန်မဏ္ဍပ် စင်မြင့်ပေါ်တွင် သရုပ်ပျက်နှင့် နိုင်ငံရေးသင်္ကေတပါ ဝတ်စားဆင်ယဉ်မှုများ ဝတ်ဆင်ခြင်း၊ တဦးနှင့်တဦး မခံချိမခံသာ ဆဲဆိုစောင်းမြောင်းသည့် တေးသီချင်း သီဆိုခြင်းအပြင် နိုင်ငံတကာအလံများ ဝတ်ဆင်ခြင်းကို ဂီတအစည်းအရုံးက ခွင့်မပြုခြင်းဖြစ်သည်။    

“အဝတ်အစားကို သိပ်ပြီး သရုပ်ပျက်တဲ့ ဝတ်ဆင်တာတွေ၊ အရမ်းကို မြင်လို့ရှုလို့ မကောင်းအောင် ဝတ်ဆင်တာတွေ မလုပ်ဖို့ပေါ့ဗျာ။ ဆိုတဲ့သီချင်းတွေမှာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တယောက်ကို တယောက် မခံချိမခံသာအောင် ဆဲဆိုစောင်းမြောင်း ပြောဆိုတဲ့ သီချင်းမျိုးတွေ မဆိုဖို့ပါ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး (၂) တေးရေးဆရာ မောင်သစ်မင်းက မဇ္စျိမကို ပြောသည်။    

သင်္ကြန်မဏ္ဍပ် တည်ဆောက်ခွင့် ခွင့်ပြုချက် တောင်းခံစဉ်ကတည်းက ယခုစည်းကမ်းများ လိုက်နာမည့်အကြောင်း သက်ဆိုင်ရာ အာဏာပိုင်များထံ မဏ္ဍပ်တာဝန်ခံများက သဘောတူ လက်မှတ် ရေးထိုးပေးရသည်။    

စည်းကမ်းချက်များကို မဏ္ဍပ်တွင် သီဆိုမည့် အဆိုတော်များကို ပြောပြရန်လည်း ညွှန်ကြားထားသည်။    

နိုင်ငံရေးသင်္ကေတ အမှတ်အသားပါ အဝတ်အစားဆိုရာတွင် တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိကြောင်း ဆရာ မောင်သစ်မင်းက ယခုလို ပြောဆိုသည်။    

“နိုင်ငံရေးသင်္ကေတ အဝတ်အစားဆိုတာက အတိအကျတော့ မရှိဘူးပေါ့ဗျာ။ ဥပမာ - နိုင်ငံတကာက သူများအလံတွေ ဘာတွေကို အကျႌမှာ ဝတ်စားတာတို့။ အဲဒါတို့က မတင့်တယ်ဘူးဆိုပြီးတော့ တားမြစ်တာတို့တော့ ရှိတယ်” ဟု သူက ပြောသည်။   

ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် စင်မြင့်သီဆိုသည့် အဆိုတော်များက နိုင်ငံရေးသင်္ကေတ အမှတ်အသားပါ အဝတ်အစားများ ဝတ်ဆင်ခြင်း မတွေ့ခဲ့ရသော်လည်း ရေပက်ကစားသည့် လူငယ်တချို့က NO တံဆိပ် ရှပ်အကျႌများ၊ ကြက်ခြေခတ်ပါ စက်ဝိုင်းသဏ္ဍာန် ရှပ်အင်္ကျများ ဝတ်ဆင်ခဲ့သည်များကို တွေ့ခဲ့ရကြောင်း မြန်မာ စာနယ်ဇင်းသမားများက ဆိုသည်။   

ထိုအမှတ်သင်္ကေတများသည် စစ်အစိုးရ ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ ဆန္ဒခံယူပွဲကို ဆန့်ကျင်သည့် အမှတ်လက္ခဏာများအဖြစ် လူငယ်အများစုက မှတ်ယူဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။    

ဂီတအစည်းအရုံး၏ စည်းကမ်းများကို မလိုက်နာသည့် အဆိုတော်များကို ကျူးလွန်သည့် အပြစ်ပေါ်မူတည်၍ တေးသီချင်း သီဆိုခွင့်၊ ထုတ်ဝေခွင့် ကိစ္စရပ်များတွင် အပြစ်ပေးသွားမည်ဟု သိရသည်။    

ဆရာ မောင်သစ်မင်းက “ထူးခြားအပြစ်တော့ မရှိပေမဲ့၊ ကျူးလွန်တဲ့အပြစ်ရဲ့ အလေး၊ အပေါ့ပေါ် ကြည့်ပြီးတော့ ဘယ်နှလ သီချင်း မဆိုရဘူး၊ ဆိုခွင့် ပိတ်ပင်တာတို့၊ စတိတ်ရှိုးမှာ သူ ပါရင် သူ့ကို ဆိုခွင့်မပေးတာမျိုးတို့ကို သက်ဆိုင်ရာ တိုင်းကောင်စီတွေကနေ ပိတ်ပါတယ်” ဟု ပြောသည်။

ယခုလို အဆိုတော်များကို လိုက်နာရန် စည်းကမ်းများ ကန့်သတ် သတိပေး တားမြစ်မှုများ ပြုလုပ်သည့်အပေါ် ထိုင်းနိုင်ငံ ဘန်ကောက်နေထိုင်သူ ကိုနဒီလင်းက ယခုလို ဝေဖန်ပြောဆိုသည်။   

''ဒါက သိမ်းကျံုးပြီး ပြောထားတာ။ မြန်မာ့ရိုးရာ အဝတ်အစားနဲ့သာ သင်္ကြန်ကဲရရင် ပင်နီတိုက်ပုံနဲ့ တောင်ရှည်ပုဆိုးနဲ့မှ ရမယ်။ ဒါတောင် ရိုးရာအစစ် မဟုတ်ဘူး။ တိုက်ပုံက တရုတ်က လာတာ။ အခုဆို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ဆိုင်တဲ့ သင်္ကေတ ပါတာတွေ ဝတ်မှာစိုးလို့ ထင်တယ်'' ဟု ကိုနဒီလင်းက ပြောသည်။

ရန်ကုန် လူငယ်တဦးကလည်း “ကျနော်တော့ မကြိုက်ဘူး။ အဲဒါ သင်္ကြန်ပွဲကို ကန့်သတ်တာပဲ။ ဒါမဝတ်နဲ့၊ ဟိုဟာ မဝတ်နဲ့ ဆိုတာမျိုး လုပ်တာ။ သင်္ကြန်ဆိုတာ ကျနော်တို့အတွက် နှစ်သစ်ကူး အထိမ်းအမှတ်ဗျ။ လူတိုင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်တယ်” ဟု ပြောသည်။