မြန်မာ့လက်ဖက်ကို မလေးရှားကလည်း စစ်ဆေးမည်

မြန်မာ့လက်ဖက်ကို မလေးရှားကလည်း စစ်ဆေးမည်
by -
ကိုဝိုင်း
မြန်မာ့သွင်းကုန် လက်ဖက်တွင် ကျန်းမာရေးကို ထိခိုက်နိုင်သော ဓာတုအရောင်ဆိုးဆေး Auramine 0 ပါဝင်ခြင်း ရှိ၊ မရှိ မလေးရှား အစိုးရက စစ်ဆေးသွားမည်ဟု သိရသည်။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ အစားအစာ ကြီးကြပ်ရေးဌာန ဒါရိုက်တာ ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာ့သွင်းကုန် လက်ဖက်တွင် ကျန်းမာရေးကို ထိခိုက်နိုင်သော ဓာတုအရောင်ဆိုးဆေး Auramine 0 ပါဝင်ခြင်း ရှိ၊ မရှိ မလေးရှား အစိုးရက စစ်ဆေးသွားမည်ဟု သိရသည်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ အစားအစာ ကြီးကြပ်ရေးဌာန ဒါရိုက်တာ Nooraini Mohd Othman က ယခုလို ပြောဆိုကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ယခုလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သလို၊ မလေးရှား ရုပ်မြင်သံကြား TV 3 ကလည်း ယမန်နေ့ည ၈ နာရီသတင်းတွင် သတင်းတိုအဖြစ် ဖော်ပြခဲ့သည်။   

မြန်မာစစ်အစိုးရက လက်ဖက်အမျိုးအစား ၁ဝဝ ကျော်ကို ဆိုးဆေးပါသည်ဟုဆိုကာ ပြီးခဲ့သည့်လက ပိတ်ပင်ခဲ့ပြီးနောက်၊ စင်္ကာပူနိုင်ငံက ရောင်းချခွင့် တားဆီးနေချိန်နှင့် တိုက်ဆိုင်စွာ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် နောက်တနိုင်ငံဖြစ်သည့် မလေးရှားကပါ ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။   

မလေးရှားအစိုးရက စစ်ဆေးမှုများ လုပ်မည်ဟု ပြောသော်လည်း သက်ဆိုင်ရာများသို့ အကြောင်းကြားခြင်း၊ စစ်ဆေးခြင်းမျိုး ယနေ့အထိ မရှိသေးပါ။

လက်ဖက်ဆိုင်များတွင် လက်ကျန်များသာ ရောင်းချနေရပြီး၊ တားမြစ်လက်ဖက်များ ထပ်မံဝင်ရောက်လာခြင်း မရှိတော့ကြောင်း မြို့တော်ကွာလာလမ်ပူရှိ ရွှေကမ္ဘာ၊ တော့ပ်စတိုး၊ အိန္ဒြာ၊ ဇေယျာ စသည့်  မြန်မာ လက်လီလက်ကား စားကုန်ဆိုင်များက ပြောသည်။

‘အိန္ဒြာ’ လက်ကားဆိုင်မှ ဝန်ထမ်းက “အရင်တုန်းကတော့ ဒီမှာ ဖြန့်ရောင်းတယ်။ ခုက လက်ကျန်ပဲ ရှိတော့တယ်လေ။ အခုဟာက ရန်ကုန်ကနေ လက်ဖက်တွေ ပေးမထွက်ဘူး” ဟု မဇ္စျိမကို ပြောသည်။

‘ဇေယျာ’ လက်ကားဆိုင်မှ ဝန်ထမ်းတဦးကလည်း “ရှာချင်ရင် ဟိုးနှစ်ပေါင်း (၁ဝ-၁၅) နှစ်ကတည်းက ရှာလို့ ရတယ်။ အခုမှ သူတို့ ဝုန်းဒိုင်းနဲ့ ထရှာတာ။ ဘာသဘောလဲတော့ နားလည်ရ အတော်ခက်တယ်။ ဒီမှာကတော့ တချို့တံဆိပ်တွေက မရှိတော့ဘူးဗျ။ ကျနော်တို့ နောက်သွင်းတဲ့ စာရင်းထဲမှာ တားထားတဲ့ လက်ဖက်တွေ မပါတော့ဘူး။ တားမြစ်စာရင်းထဲ မပါသေးတဲ့ ရွှေမြန်မာကိုတော့ ဆက်သွင်းမယ်” ဟု ပြောသည်။

၁၉၈၅ ခုနှစ် မလေးရှားနိုင်ငံ၏ အစားအစာဆိုင်ရာ ဥပဒေအရ Auramine 0 အဝါရောင် ဓာတုဆိုးဆေးကို လက်ဖက်ခြောက်များတွင် ထည့်သွင်းခြင်း မပြုရန် တားမြစ်ထားပြီး၊ ဥပဒေချိုးဖောက်သူကို ငွေဒဏ်အဖြစ် မလေးရှားငွေ ရင်းဂစ် နှစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် နှစ်မျိုးလုံးပေါင်း၍ ပြစ်ဒဏ်ချနိုင်သည်။

မလေးရှားတွင် ဆေးကုသခံယူရန် အခက်အခဲရှိသဖြင့် လက်ဖက်စားခြင်းကို ခေတ္တ ရပ်ထားပြီး မြန်မာနိုင်ငံမှ နောက်ထပ် ထွက်လာမည့် သတင်းကို နားထောင်၍ စိတ်ချရသည့် အနေအထားရောက်မှ ပြန်စားသင့်ကြောင်း မလေးရှားအခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ရေးကော်မတီ BWRPC မှ အတွင်းရေးမှူး ကိုရဲမင်းထွန်းက မဇ္စျိမကို ပြောသည်။

သူက “ဒီမှာက တရားဝင် မြန်မာနိုင်ငံသားတယောက် အစိုးရဆေးရုံ တက်မယ်ဆိုရင်တောင် မလေးငွေ deposit (၄ဝဝ-၁၂ဝဝ) မပေးရင် မရဘူး။ ခွဲစိတ်တာတွေ၊ သွေးသွင်းတာတွေ ပါလာပြီဆို ထပ်တိုးတင်ခိုင်းသေးတယ်။ ပုဂ္ဂလိကဆေးရုံဆိုရင် deposit ချည်းပဲ (၁၂ဝဝ-၅ဝဝဝ) အထိ တောင်းတယ်။ တရားမဝင်သမား တယောက် အတွက်တော့ ဆေးရုံတက်ဖို့ တအားခက်ခဲတယ်။ UNHCR (ကုလဒုက္ခသည်ရုံး) အသိမှတ်ပြု စာရွက်စာတမ်းအပြင် တခြားအများကြီးပဲ တောင်းတာ။ ရှုတ်ယှက်ကို ခတ်နေတာပဲ” ဟု ပြောသည်။

ထို့အပြင် တရားဝင် မြန်မာလုပ်သားတဦးသည် တနေ့ဝင်ငွေ (၁၈-၂ဝ) ရင်းဂစ်သာရပြီး၊ ယင်းငွေသည် အစိုးရဆေးရုံတက်ရန် စာရင်သွင်း မှတ်ပုံတင်ကြေးခန့်သာ ရှိကြောင်း သိရသည်။