အနည်းဆုံး မုန်တိုင်း ၆ လုံး ၂ဝဝ၉ တွင် ဖြစ်ပွားနိုင်

အနည်းဆုံး မုန်တိုင်း ၆ လုံး ၂ဝဝ၉ တွင် ဖြစ်ပွားနိုင်
မုန်တိုင်း ၆ လုံးနှင့် အထက် ၂ဝဝ၉ ခုနှစ် အတွင်း တိုက်ခတ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသည့် ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ မိုးဇလအကြီးအကဲက ပြောကြားခြင်း ဖြစ် ...

ရန်ကုန် (မဇ္ဈိမ)။      ။ မုန်တိုင်း ၆ လုံးနှင့် အထက် ၂ဝဝ၉ ခုနှစ် အတွင်း တိုက်ခတ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသည့် ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ မိုးဇလအကြီးအကဲက ပြောကြားခြင်း ဖြစ်သည်။

“၂ဝဝ၉ က … လာနီညာဘက်ကို ပိုပါနေပါတယ်။ အခုဆိုရင် လာနီညာရဲ့ Margin နားကို ရောက်နေပါပြီ။ ဒီနှစ်မှာ မုန်တိုင်း ၆လုံး၊ ရ လုံးလောက် ဖြစ်မယ်လို့ ကျနော် မှန်းထားပါတယ်။ မှန်တာပြောရရင် အခုတည်းက ဖြစ်ချင်ချင်ပဲ။ Low Pressure(လေဖိအားနည်း ရပ်ဝန်း) ဖြစ်တာ နှစ်ခါရှိပြီ။ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ မုန်တိုင်းအန္တရာယ် ကင်းမဲ့၊ ရာသီဥတုကောင်းမဲ့နှစ်တနှစ်ဖြစ်မယ်လို့ ကျနော် လုံးဝမပြောရဲပါဘူး။ ကျွန်တော်ပြောနိုင်တာ က ဘာပဲဖြစ်ဖြစ်ကြိုပြောပါ့မယ်။ ဒါတော့ ပြောရဲပါတယ်။” ဟု ဦးထွန်းလွင်က ပြောသည်။

အယ်နီညို ရာသီဥတုသည် မိုးနည်းပြီး အပူချိန်မြင့်မားကာ မုန်တိုင်းဖြစ်ပေါ်မှု နည်းသော ရာသီဥတုဖြစ်ကြောင်းနှင့် လာနီညာရာသီဥတုမှာ မိုးများ အပူချိန်လျော့၍ မုန်တိုင်းဖြစ်ပေါ်မှုများသည့် ရာသီဥတုမျိုး ဖြစ်သည်ဟု ဦးထွန်းလွင်က ရှင်းပြသွားသည်။

"မုတ်သုန်က နောက်ကျမယ်။ မြစ်ဝကျွန်းပေါ်ကို မေလနှောင်းပိုင်းနဲ့ တနင်္သာရီတိုင်းကို မေလ အလယ်လောက်မှာ ဝင်နိုင်ပါတယ်။ ကျနော်တို့ ကြောက်ရမှာက မုတ်သုန်မလာခင် မုန်တိုင်းဝင် လာမှာကိုပါ။ အဲသလို ဖြစ်လာခဲ့ရင် ဒီမုန်တိုင်းဟာ ကျနော်တို့ သတိထားရမဲ့ မုန်တိုင်းဖြစ်လာပါလိမ့်မယ်” ဟု ဦးထွန်းလွင်က သတိပေးပြောကြားသည်။

လက်ရှိ ၂ဝဝ၉ ခုနှစ်သည် လာနီညာဘက် နီးစပ်သော ရာသီဥတုဖြစ်ခြင်းကြောင့် အပူချိန်နည်းသော နှစ်ဖြစ်ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။

“နွေရာက်ပြီးချိန်ကစပြီး ဒီနေ့အထိ အမြင့်ဆုံးအပူချိန်က ၄၁ ဒီဂရီ စင်တီဂရိတ်ပဲ ရှိပါတယ်။ ရန်ကုန်မှာ ၃၇-၃၈ လောက်ပဲရှိသေးတယ်။ မကွေး၊ မန္တလေးမှာ ၄၁ ဝန်းကျင်ပါ။ ပုံမှန်က အလယ်ပိုင်းဒေသ တွေမှာ ၄၅ လောက်အထိ ရှိပါတယ်။ အဲဒါတွေကို မမီသေးတဲ့အတွက်တော့ ဒီနှစ်က အပူချိန်မြင့်တဲ့နှစ်လို့ မပြောနိုင်သေးပါဘူး” ဟု သူက ပြောသည်။

ရန်ကုန်မြို့ပတ်ဝန်းကျင်တွင်မူ ယခင်နှစ်များထက် ပိုမိုမြင့်မားသော အပူရှိန်ဒဏ်ကို လူအများ ကြံုတွေ့နေရသည်။

“ဒီနှစ်ပူလွန်းလို့ ညအိပ်လို့တောင် မရဘူးလို့ ပြောလာစရာ ရှိတယ်.။ Temperature မဟုတ်ပါဘူး Heat ကြောင့်ပါ..။ အားလုံးသိကြတဲ့ အတိုင်းပဲ ဧရာဝတီနဲ့ ရန်ကုန်မှာ သစ်ပင်တသိန်းကျော် နာဂစ်ကြောင့် ကုန်ခဲ့ပါတယ်။ နေပူထဲမှာ ထီးမပါတဲ့သူနဲ့ ထီးပါတဲ့သူ အပူဒဏ်ခံရတာ မတူပေမဲ့ အပူချိန်ကတော့ အတူတူပါပဲ။ Temperature ကြောင့်မဟုတ်ပါဘူး။ Heat ဒဏ်ကို ခံရတာပါ။” ဟု ပြောကြားသည်။