ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ရိုးရာ နှစ်ကူးချိန် နီးလာသည်နှင့်အမျှ ရန်ကုန်တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့် ရသူများက ခွင့်ပြုအမိန့်ကို ကျပ် သိန်း ၄ဝ အထိ စျေးခေါ်ရောင်းချမှုများ ရှိနေသည်။
ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်တွေ ယခု သတင်းပေးပို့ချိန်အထိ ချပေးခြင်း မရှိသေးသော်လည်း ပါမစ်ကျရန် နီးစပ်သူများက စျေးခေါ်ထားခြင်း ဖြစ်သည်။
ရေကစား မဏ္ဍပ်ဆောက်လိုသူက ခ.ဝ.တ သို့ လုံခြံုရေး အာမခံချက် တာဝန်ယူပေးရပြီး ဌာနဆိုင်ရာ အရာရှိတဦးက ထောက်ခံပေးရသည်။ သို့သော်လည်း အစိုးရနှင့် နီးစပ်သူ၊ စစ်ဘက် ရာထူးကြီးကြီးများဖြင့် နီးစပ်သူများသာ ရလေ့ရှိသဖြင့် ကြားပွဲစား ပေါ်ထွန်းလာခဲ့သည်။
“ခ.ယ.က မှာ ဖောင်ဝယ်ရတယ်။ ဖောင်ကြေးက ၅ဝဝ (ကျပ်) လောက်ပဲ ရှိတာ။ ပါမစ် ကျဖို့က တာဝန်ခံ အရေးကြီးတယ်။ သူ့ကို ထောက်ခံပေးမဲ့ ရာထူးကြီးကြီး တယောက်ယောက် ရှိမှရတယ်။ မဏ္ဍပ်ဆောက်ခွင့် ရဖို့သေချာတဲ့ သူတွေကတော့ အခု ပြန်တောင်ရောင်းနေကြပြီ“ ဟု လျှောက်ထားသူတဦးက ဆိုသည်။
အမှန်တကယ် မဏ္ဍပ် ဆောက်လုပ်မည့် သူများက ဆောက်လုပ်ခွင့်ကို တဆင့် ပြန်ဝယ် ကြရပြီး ယမန်နှစ်ကဆိုလျှင် ကျပ်သိန်း ၂ဝ မှ ၂၅ သိန်း အထိ နေရာအကွက်အကွင်းပေါ် မူတည်ပြီး စျေးပေါက်ခဲ့သည်။
သင်္ကြန် မဏ္ဍပ် တခု အတွက် ဆောက်လုပ်ခွင့်၊ ဆောက်လုပ်စရိတ်၊ စည်ပင်ကို ပေးရတဲ့ ရေဖိုး၊ နေရာဖိုး၊ ဒီဂျေစက် ၊ ရေပန့် ၊ကချေသည်အဖွဲ့နှင့် စင် အပြင်အဆင် တို့အတွက် စင်အရွယ်အစား ဒီဇိုင်းအပေါ် မူတည်ကာ စုစုပေါင်း ကျပ်သိန်း ၁၅ဝ နှင့် အထက် ကုန်ကျ စရိတ် ရှိသည်။
“ဆောက်လုပ်ခွင့် ငှားဆောက်ရတာ ၄ နှစ်လောက် ရှိပြီ။ နှစ်တိုင်းတော့ မမြတ်ဘူး။ ရှုံးရင် သိန်း ၄ဝ/၅ဝ လောက်။ မြတ်ရင် သိန်းဆယ် ဂဏန်းလောက်တော့ မြတ်တယ်။” ဟု မဏ္ဍပ် ကန်ထရိုက်ဆွဲသူ တဦးက ပြောသည်။
မန္တလေးမြို့တွင်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်စျေးမှာ ယမန်နှစ်က သိန်း ၂ဝ ကျပ်အထိ ပေါက်စျေးဖြစ်ခဲ့သည်။
အင်းယားကန်စောင်း သင်္ကြန်မဏ္ဍပ် တခု လွန်ခဲ့သော ၃နှစ်ခန့်က ပြိုကျကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ သင်္ကြန်မဏ္ဍပ် ကြ့ံခိုင်မှုကို စည်ပင်သာယာ အင်ဂျင်နီယာ ဌာနမှ စစ်ဆေးမှုများ ရှိလာခဲ့သည်။
မြန်မာရိုးရာ လကြည့် ပြက္ခဒိန်အရ ယခုနှစ်သည် ၁၃၇ဝ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းမည့်အချိန် ဖြစ်သည်။ တန်ခူးလဆုတ် ၄ ရက်နေ့ (ဧပြီ ၁၃ ရက်) သည် အတာကူးသည့် သင်္ကြန် အကြိုနေ့ဖြစ်ပြီး တန်ခူးလဆုတ် ရ ရက် (ဧပြီ ၁၆ ရက်) နေ့သည် အတက်နေ့ ဖြစ်သည်။