ချင်းမိုင် (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းသင့် ဘဝများ အပြည့်အဝ ပြန်လည် ထူထောင်နိုင်ရေးအတွက် အကူအညီငွေ အမြောက်အမြား လိုနေသည်ဟု နာဂစ် အကူအညီပေးရေး ဆောင်ရွက်နေသော သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ TCG က ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။
နာဂစ်လွန် ပြန်လည်ထူထောင်ရေး ၃ နှစ်တာ အစီအစဉ်အတွက် လိုအပ်နေသော အမေရိကန်ဒေါ်လာ ၆၉၁ သန်းကို ဆက်လက်ကူညီရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုကြောင်း မြန်မာ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ကုလသမဂ္ဂတို့ ပူးပေါင်းထားသော TCG က ပြောဆိုခြင်းဖြစ်သည်။
“ဆိုင်ကလုန်းမုန်တိုင်း ထိခဲ့တဲ့ ဒေသတွေမှာ ဖွံဖြိုးရေးလုပ်ငန်းတွေ အမြောက်အမြား လုပ်ခဲ့ပြီးပေမယ့်လည်း နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ ၁ဝ လက ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာကို အခု အရေးတကြီး လိုအပ်နေတဲ့ ရန်ပုံငွေတွေက ဆက်ပြီး အားဖြည့်ပေးရာ ရောက်သွားမှာပါ” ဟု TCG ဥက္ကဋ္ဌနှင့် မြစ်မာစစ်အစိုးရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောဆိုလိုက်သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်ကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာအထိ ၃ နှစ်တာကာလ သတ်မှတ်ထားသည်။
မကြာမီ ကျရောက်မည့် မုတ်သုန်ရာသီအတွင်း ဒုက္ခသည်များ၏ နေထိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများအတွက် အဓိကလိုအပ်ချက်များတွင် အသုံးပြုရန် အရေးပေါ်ငွေများ လိုအပ်နေကြောင်း TCG အဖွဲ့မှ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် မစ္စတာ ဘန်ဆန်း ဘန်းနက် Bansarn Bunnag က မဇ္စျိမသို့ အီးမေးနှင့် ပေးပို့လာသည့် ယင်းအဖွဲ့၏ ၁၈ ကြိမ်မြောက် ယမန်နေ့က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သော နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ ၈ သိန်းခန့် ပျက်စီးသွားခဲ့သည်ဟု ၂ဝဝ၈ ခု ဇွန်လအတွင်းက ဆောင်ရွက်ခဲ့သည့် TCG ၏ ပွန်ဂျာ PONJA ဟုခေါ်သော နာဂစ် ပူးတွဲအကဲဖြတ် အစီရင်ခံစာ၌ ဖော်ပြသည်။
တောင်းဆိုထားသော အကူငွေများ ရရှိပါက လာမည့် မိုးရာသီအတွက် လုံလောက်သည့် အကာအကွယ်များ ရရှိသေးခြင်း မရှိသည့် မိသားစု ၁ သိန်းကျော်နှင့် ခိုင်းကျွဲနွား မွေးမြူရေးနှင့် အသေးစား စီးပွားဖြစ် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန် လိုအပ်နေသော မြေမဲ့ယာမဲ့ ဒုက္ခသည်များအတွက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
ထို့အပြင် ပညာရေးလုပ်ငန်း (အထူးသဖြင့် အမျိုးသမီးများအတွက်)၊ ကျန်းမာရေးဆိုင်ရာ အရည်အသွေးရှိသည့် အထောက်အကူပြု ပစ္စည်းများ ရရှိရေး၊ အစားအစာ လုံလောက်စွာ ရရှိရေးတို့တွင်လည်း အကူအညီများ လိုနေသေးကြောင်းလည်း ယမန်နေ့ထုတ် TCG ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း TCG က ပြန်လည်ထူထောင်ရေးအတွက် ၃ နှစ်စီမံကိန်း စတင်မှု အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုအပ်ကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သေးသည်။
TCG က နာဂစ်မုန်တိုင်းဒဏ် ခံရသူများအတွက် အကူအညီ လိုနေကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကူအညီများကို ဖြန့်ဝေရာတွင် မညီမျှမှုနှင့် အဂတိ လိုက်စားမှုများ၊ အကူအညီပေးနေသည့် စေတနာ့ဝန်ထမ်းများကို ဖမ်းဆီးထောင်ချနေမှုများကြောင့် အလှူရှင် အနောက်နိုင်ငံများကမူ တွန့်ဆုတ်နေကြသည်။
အလှူရှင် အစည်းအဝေးတခုကို ရန်ကုန်မြို့၌ ယခုတပတ်အတွင်း ထပ်မံကျင်းပရန် ရှိကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။