ဆိုးဆေးပါ လက်ဖက် ၅၇ မျိုး ရောင်းချခွင့် ထပ်မံပိတ်ပင်

ဆိုးဆေးပါ လက်ဖက် ၅၇ မျိုး ရောင်းချခွင့် ထပ်မံပိတ်ပင်
by -
ဖနိဒါ
ရန်ကုန်မြို့ရှိ လက်ဖက်အမှတ် တံဆိပ်ပါ ၅၇ မျိုးကို အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည်ဟု ယခုလ ၂၉ ရက်နေ့က မြန်မာစစ်အစိုးရက ထပ်မံ အသိပေးလိုက်သည်။  ယခုလ ၁၂ ရက်နေ့က နာမည်ကြီး လက်ဖက် အရီးတောင်း အပါအဝင် လက်ဖက်အမှတ်တံဆိပ် ...

ချင်းမိုင်(မဇ္ဈိမ)။     ။ ရန်ကုန်မြို့ရှိ လက်ဖက်အမှတ် တံဆိပ်ပါ ၅၇ မျိုးကို အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေး အသုံးပြုသည်ဟု ယခုလ ၂၉ ရက်နေ့က မြန်မာစစ်အစိုးရက ထပ်မံ အသိပေးလိုက်သည်။   

ယခုလ ၁၂ ရက်နေ့က နာမည်ကြီး လက်ဖက် အရီးတောင်း အပါအဝင် လက်ဖက်အမှတ်တံဆိပ် ၄၃ မျိုးတွင် အဝါရောင်ဆိုးဆေး Auramine O အသုံးပြုထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုတဖန် ၅၇ မျိုးကိုလည်း ထပ်မံကြေညာခြင်းဖြစ်သည်။    

“အရင်တွေ့ရှိတဲ့ ကုမ္ပဏီတွေကိုလည်း ကျနော်တို့က ပါ၊ မပါ ထပ်စစ်နေတုန်းပဲ။ ဆက်လက် စစ်ဆေးတုန်း။ ဒီလို မလုပ်ဘူးဆိုရင် မကောင်းဘူး။ ရောင်းချခွင့် ပေးလိုက်ရင် ပြန်စစ်လိုက်၊ ပေါ်လိုက်ဆို မကောင်းဘူးလေ။ ကျနော်တို့က စစ်ဆေးရေးအပိုင်းကို ပိုက်စိတ်တိုက် လုပ်နေတယ်။ ခွဲခွဲပြားပြား သိဖို့လိုတယ်” ဟု ကျန်းမာရေးနှင့် ဆေးဝါးကွပ်ကဲရေး (FAD) ၏ ဥက္ကဋ္ဌ ဒေါက်တာ ကျော်လင်းက မဇ္ဈိမကို ပြောသည်။   

ယခင် ၄၃ မျိုးကိုလည်း အဝါရောင်ဆိုးဆေး ကင်းရှင်းကြောင်း ခွင့်ပြုချက်ကို ယနေ့ထိ မပေးသေးကြောင်း သူက ဆိုသည်။   

ထပ်မံကြေညာလိုက်သည့် ၅၇ မျိုးတွင် လက်ဖက် အသားနှပ်၊ ချင်းချဉ်စပ်၊ မန်းကျည်းချဉ်စပ်၊ ဇယန်းရှုးရှဲ လက်ဖက်နှပ်၊ စောင်းလျားချဉ်စပ် စသည့် အမျိုးအစားများ ပါဝင်သည်။    

Auramine O သည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့် သားရေများ အရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးဆေးဖြစ်သည့်အတွက် ကြာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါများ၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေသည့်အပြင် ကင်ဆာရောဂါ ဖြစ်ပွားစေကြောင်း သိရသည်။      

မန္တလေးမြို့မှ ရွှေရီမွန် လက်ဖက်ဆိုင်သည်လည်း ပြီးခဲ့သည့်လမှ စတင်ကာ ၎င်းတို့ကုမ္မဏီထုတ် ပစ္စည်းများကို လိုက်လံသိမ်းဆည်းနေကာ ယနေ့ထိ လက်ဖက်များကို ရောင်းချဖြန့်ဝေခြင်း မရှိသည့်အပြင် ပဲကြော်များကိုသာ ရောင်းချနေရသည်။   

မြန်မာနိုင်ငံ လက်ဖက်အမှတ်တံဆိပ် အများစုသည် အရောင်ဆိုးဆေး အသုံးပြုရာတွင် စားသုံးသူ၊ ရောင်းချသူ၊ ထုတ်လုပ်သူ အားလုံး၌ တာဝန်ရှိကြောင်း လက်ဖက် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ယခုလို ပြောသည်။   

သူက “ကျနော် အကြံပြုချင်တာက ရောင်းတဲ့လူတွေက ထုတ်တဲ့လူတွေကို လက်ညှိးထိုးကြတာပေါ့။ ထုတ်တဲ့ လူက ရောင်းဝယ်သူတွေရဲ့ အလိုအကျ လုပ်တယ်လို့ လက်ညှိး ပြန်ထိုုးတယ်။ သဘောပြောရရင် လွှဲချတယ်ပေါ့။ ထုတ်လုပ်သူ၊ စားသုံးသူ၊ ရောင်းဝယ်သူ ညီတူမျှတူပဲ။ ဒါကြောင့် သူ့ကြောင့် ကိုယ့်ကြောင့် မလုပ်ဘဲ ပြုပြင်သွားလိုက်ရင် ကောင်းမယ်ထင်တယ်” ဟု ဆိုသည်။    

တားမြစ်ထားသည့် ကုမ္ပဏီတခုကမူ သူတို့အနေဖြင့် လက်ဖက်ချဉ်စပ်နှပ်တွင် အရောင်ဆိုးဆေး မသုံးဘဲ၊ ဒိုင်မှ ဝယ်ယူသည့်အတိုင်း ရောင်းချသည်ဟု ပြောသည်။   

သူက “အန်တီတို့ တံဆိပ်လည်း ပါတယ်ဆိုတော့။ ဘယ်လိုပါသလဲ မသိဘူး။ ကျမတို့က လက်ဖက်ကြမ်းကို ရှမ်းပြည်ဘက်က ယူတာပါ။ အန်တီတို့တော့ ဘာဆိုးဆေးမှ မသုံးဘူး။ ဟိုကနေ အိုးလိုက်ဝယ်လာတယ်ဆိုတော့။ အဲဒါတွေ ပါမှန်း မသိဘူးပေါ့နော်” ဟု ပြောသည်။   

ရန်ကုန်မြို့တွင် ဆိုးဆေးပါ အစားအစာ ရောင်းသူ ၁၁၂ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှ မတ်လ ဒုတိယအပတ်အတွင်း ပစ္စည်းများ သိမ်းယူကာ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ယခုလ ၁၈ ရက်နေ့တွင် ပြည်တွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း The voice ဂျာနယ်တွင် ဖော်ပြထားသည်။

ပထမအကြိမ်တွင် ပစ္စည်းသိမ်းယူပြီး နောက်ထပ် မရောင်းချရန် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းခြင်း၊ ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက စည်ပင်သာယာရေး ဥပဒေအပြင် အစားအသောက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုထားသည်။