ရွှေ့ပြောင်းလုပ်သားများ လျော်ကြေးရရန် ထိုင်းအဖွဲ့နှစ်ဖွဲ့ ပြောဆို

ရွှေ့ပြောင်းလုပ်သားများ လျော်ကြေးရရန် ထိုင်းအဖွဲ့နှစ်ဖွဲ့ ပြောဆို
by -
ဥဆာ ဖိချိုင်း
ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးဌာနမှတဆင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လျော်ကြေးရန်ပုံငွေမှ ငွေရရှိရေးကို ငြင်းပယ်ခဲ့သဖြင့် အလုပ်သမား အခွင့်အရေး ကြိုးပမ်းနေသူ အဖွဲ့နှစ်ဖွဲ့က ထိုင်းအစိုးရကို ယနေ့ ပြစ်တင် ရှုတ်ချလိုက် ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးဌာနမှတဆင့် မြန်မာရွှေ့ပြောင်းလုပ်သားများ လျော်ကြေးရန်ပုံငွေမှ ငွေရရှိရေးကို ငြင်းပယ်ခဲ့သဖြင့် အလုပ်သမား အခွင့်အရေး ကြိုးပမ်းနေသူ အဖွဲ့နှစ်ဖွဲ့က ထိုင်းအစိုးရကို ယနေ့ ပြစ်တင် ရှုတ်ချလိုက်သည်။

ကုလအထူးကိုယ်စားလှယ် Komayoum Alizadeh၊ ကုလလူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီး၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ်နှင့် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုပုံစံ အားလုံးကို ဖျက်သိမ်းဖယ်ရှားရေး ကုလကော်မတီသို့ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုရေး ဖောင်ဒေးရှင်းနှင့် ထိုင်းအလုပ်သမား သွေးစည်းညီညွတ်ရေး ကော်မတီက ယနေ့ ပေးပို့သည့် ကြေညာချက်တွင် ပြောဆိုထားခြင်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများမှ လာသော ရွှေ့ပြောင်း လုပ်သားများအပေါ် ခွဲခြားဆက်ဆံနေမှုနှင့် အခြေခံ အခွင့်အရေးများ ငြင်းပယ်ခံနေရမှုများ ရပ်တန့်သွားရန် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ယန္တရားများကို အသုံးပြုပြီး ထိုင်းအစိုးရကို တိုက်တွန်းသင့်ကြောင်း အဆိုပါ အဖွဲ့များက ခုခံပြောဆိုသည်။

“ဤလုပ်ရပ်သည် ကုလသမဂ္ဂ လူမျိုးရေးခွဲခြားမှု ပုံစံမျိုးစုံ ဖျက်သိမ်းရေးစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု ကြေညာချက်တွင် ဆိုထားသည်။

“မြန်မာပြည်မှလာသော ရွှေ့ပြောင်း လုပ်သားအများအပြား လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရလျှင် လျော်ကြေးမရခြင်းသော်၎င်း၊ သို့မဟုတ် ဥပဒေတွင် ပြဋ္ဌာန်းထားသည်ထက် လျော့နည်းရရှိခြင်းသော်၎င်း ဖြစ်နေသည်ကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ သိစေရန် ကျွနု်ပ်တို့ ကြိုးပမ်းခဲ့ပြီး ဖြစ်ပါသည်” ဟု အဆိုပါ အလုပ်သမား အခွင့်အရေး အဖွဲ့များက ပြောသည်။

“သို့သော် အလုပ်သမား ဝန်ကြီးဌာနသည် ကျွနု်ပ်တို့၏ ယခင် မေတ္တာရပ်ခံချက်ကို ငြင်းပယ်ရုံသာမက၊ ကျွနု်ပ်တို့၏ တရားရုံး အယူခံလွှာကိုလည်း ဆန့်ကျင် ကန့်ကွက်ခဲ့သည်” ဟု သူတို့၏ လက်ရှိ လုပ်ဆောင်ချက်များကို ကာကွယ်ပြောဆိုရာတွင် ဆက်ပြောသွားခဲ့သည်။

ဤလုပ်ရပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ရှမ်းရွှေ့ပြောင်း အလုပ်သမ နန်းနွမ် (Nang Noom) အလုပ်ခွင်နှင့် ဆက်နွယ်သည့် မတော်တဆမှုတွင် ရရှိခဲ့သော ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေး လျှောက်ထားခြင်းကို လူမှုဖူလုံရေးရုံး (SSO) က ငြင်းပယ်ခဲ့ပြီးနောက် ချင်းမိုင်အုပ်ချုပ်မှု တရားရုံးသို့ အယူခံတက်ခဲ့အပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ချင်းမိုင် ရှန်ဂရီလာဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မတော်တဆမှုနှင့် ကြံုခဲ့ရကာ ခါးအောက်ပိုင်းမှစ၍ ကိုယ်တပိုင်း သေသွားခဲ့သည်။

ဤအမှုသည် တဖြည်းဖြည်းဖြင့် အမြင့်ဆုံး အုပ်ချုပ်မှု တရားရုံးချုပ်အထိ ရောက်ရှိသွားခဲ့ပြီး နောက်ဆုံးတွင် အဆိုပါ အမြင့်ဆုံး တရားရုံးကလည်း ထပ်မံ ငြင်းပယ်ခဲ့သည်။

ဤအမှုကို ပထမဦးစွာ ၂ဝဝ၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ချင်းမိုင်အုပ်ချုပ်မှု တရားရုံးသို့ တင်သွင်းတိုင်တန်းခဲ့သည်။

ထိုရုံးတော်က ဤအမှုသည် အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေအရ ပေါ်ပေါက်သော အငြင်းပွားမှု ဖြစ်သည့်အတွက် SSO ၏ တည်ဆဲမူဝါဒအရ အလုပ်သမား ရုံးတော်၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်သည်ဆိုသော အချက်မှာ တရားဝင်မှု ရှိသည်ဟု အကြောင်းပြကာ ဧပြီလ ၂၅ ရက်နေ့တွင် လက်ခံကြားနာ စစ်ဆေးခြင်း မပြုနိုင်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

SSO ၏ မူဝါဒအရ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်း အလုပ်သမားများသာ အလုပ်သမား လျော်ကြေးရန်ပုံငွေမှ လျော်ကြေးရယူ ခံစားပိုင်ခွင့် ရှိသည်။

နိုင်ငံကူးလက်မှတ် ကိုင်ထားသူ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အနည်းငယ်သာ ရှိသည်။

စည်းမျဉ်းစည်းကမ်းအရ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာ ရပါက အလုပ်သမားကို လျော်ကြေးပေးနိုင်ရန် အလုပ်ရှင်တိုင်းက အဆိုပါ ရန်ပုံငွေသို့ ငွေထည့်ဝင်ရမည် ဖြစ်သည်။ သို့သော် ထိုမူဝါဒအရ နိုင်ငံကူးလက်မှတ် ကိုင်ထားခြင်း မပြုသော အလုပ်သမားများအတွက် ထိုသို့ ထည့်ဝင်ရန် မလိုပါ။

၂ဝဝ၈ ခုနှစ် နှစ်လယ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ထိုင်းအလုပ်သမား ဝန်ကြီးဌာနသို့ စာပေးပို့ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားဥပဒေများကို ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းမေးမြန်းခဲ့သည်။

သို့သော် အလုပ်သမားဝန်ကြီးဌာနက မည်သည့်ခွဲခြားဆက်ဆံမှုမှ မရှိပါဟု ငြင်းဆိုခဲ့ပြီး၊ ထိုင်းလူ့အခွင့်အရေး ကော်မရှင်၏ အကြံပြု တင်ပြချက်များကိုလည်း လျစ်လျူရှုခဲ့သည်ဟု ILO ၏ အဆိုအရ သိရသည်။

ထိုင်းအလုပ်သမား သွေးစည်းညီညွတ်ရေး ကော်မတီတွင် အလုပ်သမားအသင်းအဖွဲ့ ၂၄ ဖွဲ့ ပါဝင်ပြီး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေသည်။

အထူးသဖြင့် အလုပ်သမား အခွင့်အရေးနှင့် တရားရုံးဆိုင်ရာ ကိစ္စများတွင် အကူအညီများ ပေးအပ်ကူညီနေသည်။