ခြစားမှုကို ဖော်ထုတ်သူ ဧည့်စာရင်းဖြင့် ထောင် ရ ရက် ကျခံရ

ခြစားမှုကို ဖော်ထုတ်သူ ဧည့်စာရင်းဖြင့် ထောင် ရ ရက် ကျခံရ
by -
ဖနိဒါ
ရန်ကုန်တိုင်း တွံတွေးမြို့မှ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူနှင့် အန်အယ်ဒီ လူငယ် ၃ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ မြို့နယ်တရားရုံးက ထောင်ဒဏ် ရ ရက် ယမန်နေ့က ချလိုက် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ရန်ကုန်တိုင်း တွံတွေးမြို့မှ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူနှင့် အန်အယ်ဒီ လူငယ် ၃ ဦးကို ဧည့်စာရင်း မတိုင်ဟုဆိုကာ မြို့နယ်တရားရုံးက ထောင်ဒဏ် ရ ရက် ယမန်နေ့က ချလိုက်သည်။

တွံတေးမြို့ စျေးသစ်ရပ်ကွက်မှ မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်နှင့် သူ့အိမ်တွင် အလုပ်လုပ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်းနှင့် မောင်သန်းမြင့်တို့ကို ၁၉ဝ၇ ခုနှစ် မြို့ပြဥပဒေဖြင့် တရားသူကြီး ဦးအေးကိုကိုက ပြစ်ဒဏ်ချခြင်းဖြစ်သည်။    

“ဦးခင်ဇော် အပါအဝင် အားလုံးပေါင်း ၈ ဦးလေ။ အဲဒီထဲက ၄ ဦးကတော့ တွံတေးမြို့ပေါ်မှာနေတဲ့ မြို့သားတွေ ဖြစ်တယ်ဆိုတဲ့အတွက် လွှတ်ပေးလိုက်တယ်။ ၃ ဦးနဲ့ ဦးခင်ဇော်ကိုတော့ ရ ရက်အမိန့် ထောင်ဒဏ် ချလိုက်တယ်” ဟု တွံတေးမြို့မှ ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးကျင်တိုးက ပြောသည်။   

၁၉ဝ၇ ခုနှစ် မြို့ပြဥပဒေမှာ အခြားဒေသမှ ဧည့်သည်များ လာရောက်လျှင် ဧည့်စာရင်း တိုင်ရမည်ဖြစ်ပြီး၊ မြို့တွင်း နေထိုင်သူဖြစ်ပါက တရပ်ကွက်နှင့် တရပ်ကွက် ပြောင်းရွှေ့တည်းခိုလျှင် တိုင်စရာ မလိုသည့် ဥပဒေဖြစ်သည်။

ပြီးခဲ့သည့် လနှောင်းတွင် အလုပ်သမားများအတွက် ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းယာယာရေး ကောင်စီ - ရယက ထံ ဧည့်စာရင်း သွားတိုင်သော်လည်း အကြောင်းပြချက် မရှိ ငြင်းဆန်ခဲ့သည်။

ဧည့်စာရင်း တိုင်သည်ကို ရပ်ကွက်က လက်မခံကြောင်း မှတ်တမ်းတင်ပေးရန် မြို့နယ် ရဲစခန်းသို့ ထိုလ ၂၈ ရက်နေ့တွင် သွားပြောရာ တာဝန်ကျ ဒုရဲအုပ် အောင်နိုင်ဦးက ဧည့်စာရင်းတိုင်ကြောင်း မှတ်တမ်းတင်ခဲ့သည်။

မှတ်တမ်းစာရွက် မိတ္တူများကို မယက နှင့် အခြား အာဏာပိုင်အဖွဲ့များထံ ပေးပို့ခဲ့သည်။   

သို့သော်လည်း ယခုလ ၃ ရက်နေ့ ညတွင် ရယကများ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ မီးသတ်နှင့် နယ်ထိန်းများက ဦးခင်ဇော်၏ နေအိမ်သို့ လာရောက်ကာ ဧည့်စာရင်းမတိုင်ဟုဆိုပြီး ဖမ်းဆီး၍ မြို့နယ်ရဲစခန်းသို့ ပို့ခဲ့သည်။

စျေးသစ် ရယက ဥက္ကဋ္ဌ ဦးသန်းဦးက ဧည့်စာရင်းအမှုဖြင့် မြို့နယ်တရားရုံးတွင် တရားစွဲရာ၊ ဦးကျင်တိုးက အားလုံးအတွက် ရှေ့နေလိုက်ပေးသည်။

၅ ရက်နေ့တွင် လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်နှင့် ရပ်ကွက်လူကြီး ၅ ဦးက ကျပ်ငွေ ၂၇ သိန်းဖြင့် အာမခံခဲ့ရာ မြို့နယ်တရားရုံးက လွှတ်ပေးခဲ့ပြီး၊ ၉ ရက်နေ့သို့ တရားရုံးချိန်းရက် ပေးခဲ့သည်။

၉ ရက်နေ့ တရားခွင်တွင် ရဲစခန်းသို့ သွားကာ ဧည့်စာရင်းတိုင်ခဲ့ကြောင်း ရှေ့နေ ဦးကျင်တိုးက လျှောက်လဲသဖြင့် ရုံးတော်က ရဲစခန်း တာဝန်ရှိသူများထံ ပြန်စစ်ရန် သမ္မာန်စာဖြင့် ဆင့်ခေါ်ခဲ့သော်လည်း တိုင်း ကောင်စီ - တယက က အမှုအတွက် သွားရောက် အစစ်ခံရန် မလိုဟု ညွှန်ကြားစာ ပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့သို့ ရုံးချိန်းပေးခဲ့ပြီးနောက် သူတို့ ၄ ဦးကို ပြစ်ဒဏ် ရ ရက် ချလိုက်ခြင်းဖြစ်သည်။

တရားရုံးတွင် လျှောက်လဲခဲ့ပုံနှင့် ပတ်သက်ပြီး ဦးကျင်တိုးက ''ဧည့်စာရင်းလက်မခံနိုင်တာ ဘာအကြောင်းကြောင့် လက်မခံနိုင်လဲ မေးတော့ ဘာမှ မပြောဘူး။ ကျနော်တို့ တင်ပြတဲ့ စာကို လက်မခံနိုင်ဘူးလို့ ငြင်းတယ်။ ည ရ နာရီကျော်နေပြီ။ အလုပ်သမားတွေရော၊ အိမ်ရှင်တွေရော မြို့နယ် ရဲစခန်းကို ခေါ်သွားတယ်။ စျေးသစ် ယရက က ဧည့်စာရင်း တိုင်တာကို လက်မခံဘူး ပြောတယ်။ ကျနော်တို့က ခင်ဗျားတို့ ရဲစခန်းကို လာရောက် အကြောင်းကြားပါတယ်လို့ ကျနော် ပြောတယ်'' ဟု ပြောသည်။

ဦးခင်ဇော်သည် မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်များနှင့်ပူးတွဲကာ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူဟု လူသိများပြီး၊ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။   

မြို့နယ်အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်က “ကျနော် တော်တော်ခံစားရတယ်။ သူတို့မှာ အပြစ်မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှု လုပ်ခဲ့တယ်။ သူတို့ကို အကြောင်းပြချက် တစုံတရာ မရှိဘဲနဲ့ ရယက ဥက္ကဋ္ဌက ဥပဒေကို လက်တလုံးကြား လုပ်ပြီးတော့ ထောင်ချလိုက်တာ။ ခံစားရတယ်” ဟု ပြောသည်။    

လွတ်မြောက်လာသူ ၄ ဦးမှာ ကိုအောင်ကိုလတ်၊ မောင်သန်းဇော်၊ ကိုထွေးလှနှင့် မတင်တင်လှတို့ ဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။ ပြစ်ဒဏ်ကျသွားသည့် ဦးခင်ဇော်မှအပ ကျန် ၃ ဦးမှာ မအူပင်မြို့နယ် ဇွဲကပင်ကျေးရွာမှ လာရောက်သူများ ဖြစ်သည်။

သူတို့သည် တွံတေးမြို့ပေါ်တွင် နေလာသည်မှာ ၁ဝ နှစ်ကျော်ရှိပြီး သန်းခေါင်စာရင်း လျှောက်ထားဆဲဖြစ်ကာ ကွမ်းခြံရပ်ကွက်တွင် နေကြသည်။

“ကျနော်ကတော့ တရားစီရင်ရေးဆိုတာ လွတ်လပ်စွာ ရှိရမယ်။ ဗိုလ်ချုပ်သူရရွှေမန်း ပြောထားတာပဲ။ တရားစီရင်ရေး အထက်မှာ ဘာမှ မရှိရဘူးလို့ ပြောထားတာပဲ။  လက်တွေ့မှာတော့ တရားစီရင်ရေး အထက်မှာ တိုင်း အေးချမ်းဖွံ့ဖြိုးကောင်စီ ရှိနေတယ်ဗျာ။ နောက်တခါ ရဲတွေ ရှိနေတယ်” ဟု ရှေ့နေ ဦးကျင်တိုးက ပြောသည်။   

မတရား ပြစ်ဒဏ်ကျခံရမှုနှင့် ပတ်သက်ပြီး တိုုင်းတရားရုံးသို့ လျှောက်လွှာတင်မည်ဟုလည်း သူက ဆိုသည်။    

ပြစ်ဒဏ်ကျခံရသူ ၄ ဦးစလုံးကို တွံတေးမြို့ ရဲစခန်း၌ပင် ချုပ်နှောင်ထားပြီး ယနေ့တွင် အင်းစိန်ထောင်သို့ ပို့မည်ဟု သိရသည်။
 

Most read this week