ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့ တိုးချဲ့ရပ်ကွက်တခုမှ ကလေးငယ် ၈ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်သဖြင့် ဆေးရုံတက်နေရသည်။
ပြီးခဲ့သည့်အပတ် နှောင်းပိုင်းမှ စတင်ကာ တိုးချဲ့ကွက်သစ် ခေါ် အမှတ် ၁၈ ရပ်ကွက်မှ ကလေး ၁၅ ဦးခန့် ဝမ်းလျှောရာ ဆေးရုံတင်ခဲ့ရပြီး၊ ယခုအခါ ၈ ဦးခန့် ဆက်ရှိကြောင်း ဒေသခံများနှင့် ဆေးရုံဝန်ထမ်းက ပြောသည်။
“ကျနော်တို့ ၁၈ ရပ်ကွက်ထဲမှာ ဝမ်းလျှောရောဂါ ဖြစ်နေတယ်။ ဆေးရုံမှာ ၁၅ ယောက်လောက် တက်တယ်။ အရေးပေါ် ဆေးရုံတင်ရတယ်။ အထက်လန် အောက်လျှောပုံစံ” ဟု အမှတ် ၁၈ ရပ်ကွက်မှ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
မြင်းခြံပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတဦးကလည်း “ကလေးတွေ ရိုးရိုး ဝမ်းလျှောဝမ်းပျက်လေးတွေ ဖြစ်တာ။ ဘယ်နှနှစ်လဲဆိုတော့ ၅ နှစ်ကနေ ရ နှစ် အရွယ်တွေပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးပြောတာက အစားမှားတယ်လို့ ပြောတာပဲ။ ကျနော်တို့ဆီမှာ ၈ ယောက်လောက် ရှိတယ်” ဟု ပြောသည်။
ယခုလို ဖြစ်ရခြင်းသည် အိမ်ခြေ ၁၅ဝ-၂ဝဝ ခန့်မှ အရပ်သားများ သောက်သုံးနေသည့် ရေကန်အတွင်း ဝင်းသန့် ငပိစက်မှ မသန့်စင်သည့် ရေများ စီးဝင်နေရာမှ စတင်ခဲ့သည်ဟု ဒေသခံနှစ်ဦးက ဆိုသည်။
ငပိစက်မှ စွန့်ပစ်သည့် အညစ်အကြေးများမှာ စက်ရုံတောင်ဘက် ဗလပိုင် ဘုန်းကြီးကျောင်းရှိ ရေကန်တွင်းသို့ စီးဝင်နေသည်ဟု သူတို့က ပြောသည်။
တဦးက “မိုးတွင်းရောက်ရင်လည်း အရပ်အခေါ် ဗလပိုင်ထဲ ဝင်သွားတယ်။ ငပိစက်က ရေကန်အထက်မှာ ရှိတယ်။ ပေအားဖြင့် ၁၅ဝ လောက် အကွာမှာ ရှိတယ်ဗျာ။ ရေကန်က အောက်ပေါ့နော်။ ရေကန်ရဲ့ အလယ်မှာ ရေတွင်း နှစ်တွင်းရှိတယ်။ အဲဒါကို မှီခိုသောက်သုံးနေရတာ” ဟု ပြောသည်။
သို့သော်လည်း ငပိစက်ရုံ တာဝန်ရှိသူ အမျိုးသမီးတဦးကမူ မဟုတ်မှန်ကြောင်း ယခုလို ငြင်းဆိုသည်။
သူက “ မဆိုင်ပါဘူးကွာ။ အဲဒီလို ဖြစ်တာ။ ကိုယ့်တွင်း ကိုယ့်ခြံမှာပဲ တွင်းတူပြီးလုပ်တာ။ အပြင်ထွက်တာ မရှိဘူး။ အုတ်တံတိုင်းကြီး ကာထားတာ။ ဘာအရည်မှလည်း မစွန့်ဘူး။ အန်တီတို့နဲ့ မဆိုင်ဘူး။ အညစ်အကြေးရေက အဲဒီဘက်ကို မဖောက်ဘူး။ ကိုယ့်ကျင်းလေးနဲ့ ကိုယ်ပဲ ရေးချိုးတာပဲ။ ကြီးကြီးကျယ်ကျယ် ဆေးကြတာတွေလည်း မလုပ်ဘူး။ ဘာမှလည်း မလုပ်ပါဘူး။ ရေလွှတ်ခြင်း မလုပ်ဘူး'' ဟု ပြောသည်။
ရပ်ကွက်အတွင်း၌ လူအများအပြားမှာ မရှိဆင်းရဲသား လက်လုပ်လက်စားများ ဖြစ်သည်။
၁၈ ရပ်ကွက် ရယက ရုံးမှ တာဝန်ရှိသူတဦးကမူ “လူနေမှု အနေအထားက ညစ်ပတ်တဲ့ အနေအထားပေါ့နော်။ အိမ်သာမရှိတာတို့၊ သူက အပြင်ထိုင် (အလေးသွား) တာ များတယ်။ စားတာသောက်တာ သပ်ရပ်မှု မရှိဘူး။ ဝင်းသန့် ငပိစက်ကနေ ဝင်တဲ့ ရေက မသုံးတော့ဘူးလေ။ အဲဒီနောက်ပိုင်း တောက်လျှောက် ကူးလာတာ။ အဓိက ဖြစ်နေတဲ့အပိုင်းရဲ့ အရှေ့ဘက်မှာ တောကိုး။ ယာခင်းတွေ ရှိတယ်။ အဲဒီ ယာခင်းတွေမှာ အပြင်သွားကြတာ။ အဲဒီဘက်ကနေ ကူးစက်တာ။ သောက်နေသုံးနေတာက ရေကန်အလယ်မှာ ရေတွင်းမှာ စိမ့်ပြီးတော့ လက်ယက်ရေတွင်း ဖြစ်တယ်'' ဟု ဆိုသည်။
ဆေးရုံတက် ကုသရာ ကိုယ့်စရိတ်နှင့်ကိုယ် ဖြစ်ပြီး ကျပ် ၂ သောင်းမှ ၃ သောင်းအထိ ကုန်ကျသည်။
ကလေးငယ်များ ဆေးရုံတက်ရပြီးနောက် မြို့နယ် ကျန်းမာရေးဌာနက ရေတွင်းများ၌ ပိုသတ်ဆေးများ ဖြန်းပေးခဲ့ရာ အနံ့ဆိုးသဖြင့် သောက်သုံးရန် ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။