အင်းစိန်ထောင်တွင် ကလေးများကို ချုပ်နှောင်ထားမှု ရာဇဝတ်မှုဟု ရှေ့နေကောင်စီ ပြောဆို

အင်းစိန်ထောင်တွင် ကလေးများကို ချုပ်နှောင်ထားမှု ရာဇဝတ်မှုဟု ရှေ့နေကောင်စီ ပြောဆို
by -
ဖနိဒါ
အင်းစိန်ထောင်ကျ ကလေးများကို သီးသန့် သင်တန်းကျောင်းသို့ မပို့ဘဲ အင်းစိန်ထောင်မှာပင် ထားခြင်းအပေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ က ရှုတ်ချ ပြောဆိုလိုက်သည်။ ရန်ကုန် အင်းစိန်ထောင်အတွင်း ရာဇဝတ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျနေ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ အင်းစိန်ထောင်ကျ ကလေးများကို သီးသန့် သင်တန်းကျောင်းသို့ မပို့ဘဲ အင်းစိန်ထောင်မှာပင် ထားခြင်းအပေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ က ရှုတ်ချ ပြောဆိုလိုက်သည်။

ရန်ကုန် အင်းစိန်ထောင်အတွင်း ရာဇဝတ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျနေသည့် အသက် ၁၄ နှစ်ကလေးငယ်များကို စာသင်ကြားပေးနေသည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပြီးနောက်  နာမည်ဆိုးဖြင့် ကျော်ကြားလှသော ထောင်တွင်းကလေးများကို ချုပ်နှောင်မှုအပေါ် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

“ဒီလိုထားမယ်ဆိုရင် စစ်အစိုးရ မူဝါဒ မှားနေတယ်။ ဘာပဲပြောပြော အကျဉ်းထောင်ဆိုတာ နာမည်အရကို ထောင်ထဲမှာဆိုရင် ကလေးတွေ စိတ်ထဲ အားငယ်သွားစေတယ်။ တကယ်လို့ ၁၈ နှစ် မပြည့်ဘဲ၊ ကလေး သင်တန်းကျောင်းတွေမှာ မထားဘဲနဲ့ အင်းစိန်ထောင်ထဲမှာ ထားတယ်ဆိုရင် အင်မတန် အောက်တန်းကျပြီး ဆိုးရွားတဲ့ ပြစ်မှုတခု ကျူးလွန်တာပဲလို့ ပြောချင်တာ” ဟု ဦးသိန်းဦးက ဆိုသည်။

၂ဝဝ၅ ခု ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ အင်းစိန်ထောင်တွင်း အသက် ၁၄ နှစ်မှ ၂ဝ နှစ်ထိ အကျဉ်းသားကလေးများကို သူငယ်တန်းမှသည် စတုတ္တတန်းအထိ ပညာသင်ပေးခဲ့့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုခဲ့သည်။   

ပြီးခဲ့သည့်လက အင်းစိန်ထောင်မှ ပြန်လွတ်လာသူ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကလည်း ထောင်တွင်း ကလေးများရှိနေကြောင်း ပြောသည်။

“အင်းစိန် ထောင်ထဲမှာ ကလေး အကျဉ်းထောင်ဆိုတာ ရှိတယ်။ စစ်ခွေးတိုက်နဲ့ အလုပ်ဘက်ဝင်း ကြားမှာပေါ့နော်။ မူလတန်းကျောင်းကနေ အလယ်တန်းထိလောက်။ သင်တဲ့ ဆရာတွေက အကျဉ်းကျနေတဲ့ ဘွဲ့ရ ပညာတတ်တွေ သင်ပေးနေတာ။ အသက်အရွယ်ကတော့ များသောအားဖြင့် ၁၃၊ ၁၄ နှစ်ကနေ ၁၉၊ ၂ဝ နှစ် အရွယ်ရှိတယ်” ဟု သူက ပြောသည်။

အကျဉ်းဦးစီးအရာရှိ အပြောအရ ကလေးအဆောင်များမှာ လူကြီးအဆောင်များနည်းတူ ဆောက်လုပ်ထားပြီး  စိုက်ပျိုးရေး လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ စာသင်ချင်သည့် ကလေးအကျဉ်းသားများကို စာသင်ခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။   

ဦးသိန်းဦးက ''နိုင်ငံတကာမှာ ဆိုရင်တော့ ပိုပြီးတော့ ကလေးတွေကို ဦးစားပေးတယ်။ ကလေးတွေအတွက် သီးသန့် ပြန်လည် ပြုစုပျိုးထောင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရာဇဝတ်မှု ကျူးလွန်တယ်ဆိုရင် အသက်အရွယ် ငယ်သေးတယ်။ သူတို့ ဘဝမှာ အစပဲ ရှိသေးတော့ ဒီအပြစ်ကြောင့် သူတို့ တဘဝလုံး ဆုံုးရှုံးသွားမှာကို စိုးရိမ်တဲ့အတွက် မိဘလက်ထဲ ပြန်အပ်သင့်ရင် အပ်တယ်။ မရတဲ့လူဆိုရင် ကလေးတွေအတွက် သီးသန့် သင်တန်းကျောင်းမှာ ထားတယ်။ ထောင်မှာ မထားဘူး" ဟု ပြောသည်။

ယနေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင်မူ မြန်မာစစ်အစိုးရမှ အသက် ၁၄ နှစ်အထက် အကျဉ်းကျ ကလေးများကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်လျက်ရှိရာ၊ အသက် ၉ နှစ်မှ ၁၈ နှစ်ကြား သင်တန်းသား ၄၃၆ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုစောင့်ရှောက်ထားသည်ဟု ဆိုသည်။   

ထို့အပြင် ပြစ်ဒဏ် ကျခံနေရသည့် လူငယ်များကို ငှက်အော်စမ်း သင်တန်းကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာ လက်သမားအခြေခံနှင့် ဆံပင်ညှပ်သင်တန်း၊ ဘက်ထရီလုပ်ငန်းကို မတ်လဆန်းမှ စတင်ကာ ၃ လကြာ သင်ပေးနေသည်ဟု တာဝန်ရှိသူတဦးက ပြောသည်။