တွံတေး ဆန္ဒပြသူများ လူစုခွဲ
သောကြာနေ့၊ မတ်လ 20 2009 19:00 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ် ပျက်စီးသွားခဲ့ရသူများက မြို့နယ်ကြက်ခြေနီရုံးရှေ့တွင် ၅ နာရီကျော် ဆန္ဒပြခဲ့ပြီးနောက် လူစုခွဲလိုက်ကြသည်။
“ဆန္ဒပြပွဲဟာ ညနေ ၅ နာရီမှာ ပြီးဆုံးသွားတယ်။ မနက်ဖြန်ကို ကြက်ခြေနီ အသင်း အကြောင်းပြန်ကြားချက်ကို စောင့်နေတယ် အခုဆိုရင် ရွာကို ပြန်လည် ထွက်ခွာသွားနေပါပြီ။” ဟု ဆန္ဒပြသူတဦးက မဇ္ဈိမ သို့ ပြောသည်။
“ရန်ကုန်တိုင်းမှာရှိတဲ့ ကြက်ခြေနီအသင်းက လူက လာရောက် စစ်ဆေးပြီးတော့ ဒီအိမ်တွေကို ရမယ်၊ မရဘူး၊ ဆိုတာကို အာမ မခံဘူး။ ကွင်းဆင်း စစ်ဆေးပြီးတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နစ်နာတယ်ဆိုရင် တာဝန်ရှိသူတွေကို အရေးယူပေးမယ်လို့ ပြောတယ်၊ ဒါပေမယ့် အာမ မခံနိုင်ဘူး လို့ ပြောသွားတယ်။” ဟု သူက ဆိုသည်။
ဆန္ဒပြသူများသည် တွံတေးမြို့နှင့် ၄ မိုင်ခန့် အကွာအဝေးရှိ တဘက်ကမ်း ရေတံကား၏ အနောက်ဘက် ဇီးဖြူကုန်းကျေးရွာမှ ကမ်းနားထိ လမ်းလျောက်ခဲ့ပြီး ကမ်းနားမှ တွံတွေးမြို့သို့ လှေနှင့် ဖြတ်ကူးကာ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းမှ ကြက်ခြေနီရုံးသို့ မိနစ် ၃ဝ ခန့် လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
---------------------------------------------------------
တွံတေးဆန္ဒပြမှု နောက်ဆက်တွဲ
သောကြာနေ့၊ မတ်လ 20 2009 17:09 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် မဇ္ဈိမသတင်းထောက်က ဆက်သွယ် မေးမြန်းထားချက်အရ ရန်ကုန်တိုင်း တွံတေးမြို့မှ အိုးအိမ် ပြန်ဆောက်ပေးရေး ဆန္ဒပြနေသူများသည် မြို့နယ် ကြက်ခြေနီရုံးရှေ့တွင် ဆက်လက် ဆန္ဒပြနေကြသည်ဟု သိရှိရသည်။
ဒေါ်တရုတ်မ ဦးဆောင်သော ဆန္ဒပြသူ စုစုပေါင်း ၂၂ ဦးရှိလာပြီး ကြက်ခြေနီဝန်ထမ်း တဦးကတော့ ” သွားရင်သွား၊ မသွားရင် ဥပဒေအရ အရေးယူမည်” ဟု ပြောဆိုနေသည်ကို ကြားသိရသည်။ ဆန္ဒပြသူ နှစ်ဦးတိုးလာရာ ဦးကြာသိုက်နှင့် ဒေါ်အေးလူတို့ ဖြစ်သည်ဟု သိရသည်။
အစာငတ်ခံနေသည်ဆိုသော ဆန္ဒပြသူများက တောင်းဆိုချက်များကို ကြက်ခြေနီ ဝန်ထမ်းတဦးကို ပေးအပ်လိုက်ပြီး မြို့နယ်ဥက္ကဌ ဦးအောင်စံသာနှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် တောင်းဆိုထားသည်။
”နာဂစ်မုန်တိုင်း တိုက်တဲ့ အချိန်တုန်းက အိုးအိမ်တွေ ပျက်စီးသွားတယ်။ နေစရာ မရှိဘူး။ ဘုန်းကြီးကျောင်းတွေ ထဲမှာ နေရတယ်။ တချို့က သူများအိမ်မှာ ကပ်ပြီးတော့ နေရတယ်၊ လယ်တောထဲမှာ တဲထိုးနေရတယ်။ ကျေးရွာကော်မတီကနေ ကြက်ခြေနီနဲ့ ပေါင်းပြီးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းနဲ့ မီးသတ်တပ်ဖွဲ့တွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ နဲ့ နီးစပ်တဲ့ သူတွေကိုသာ ခွဲဝေပေးခဲ့လို့ မကျေနပ် ဖြစ်နေကြတယ်” ဟု ဆန္ဒပြမှုကို ကြည့်ရှုနေသူတဦးက မဇ္ဈိမကို ပြောသည်။
မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး အဖွဲ့များ ဝင်ရောက် စွက်ဖက်မှုမရှိဘဲ ရုံးတွင်းမှ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေပြီး ကြက်ခြေနီများကိုသာ ဆန္ဒပြသူများကို မောင်းထုတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
---------------------------------------------------------
သောကြာနေ့၊ မတ်လ 20 2009 12:39 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။
ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။
ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။
သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့့နယ်စည််းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။
''အခုဆိုရင် ချီတက်ဆန္ဒပြသူတွေဟာ ရုံးကို ရောက်ရှိနေပါပြီ။ သူတို့ လိုအပ်နေတဲ့ ဟာတွေကို ထပ်မံဖြည့်ဆည်း ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုချီတက်တာပါ။ အခုလက်ရှိတော့ ကြွေးကြော်သံတွေ မပါသေးဘူး။ စကားတွေပြောပြီး တက်သွားတယ်။ ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူးခင်ဗျ။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကို အာဏာပိုင်တွေက ဖမ်းမယ်၊ အရေးယူမယ်ဆိုရင် ကြွေးကြော်သံတွေနဲ့ တောင်းဆိုသွားမှာ ဖြစ်တယ်'' ဟု ဆန္ဒပြသူများကို ဝိုင်းရံပေးနေသူ အန်အယ်ဒီ လူငယ်တဦးက မဇ္စျိမကို ပြောသည်။
၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိုးအိမ်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုင်ငံကာ အစိုးရမဟုတ်သော အဖွဲ့ - အန်ဂျီအိုများနှင့် ပူးပေါင်းကာ တအိမ်ထောင်လျှင် ကျပ်ငွေ ၄ သိန်း တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထွန်းမြင့်က ''ကျနော်တို့မှာ နိုင်ငံတကာ ကြက်ခြေနီအသင်းက အကူအညီနဲ့ နာဂစ်ဒေသမှာ မြို့ ၁၃ မြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတယ်။ အခုတော့ ၉ မြို့တော့ ရုံးခွဲတွေ ၉ ခု ရှိတယ်။ အိမ်အလုံးပေါင်း ၈ဝဝဝ ဆောက်မယ်။ တအိမ်ကို ၄ သိန်းဆိုတာ မှန်ပါတယ်။ ပထမတုန်းကတော့ ၃ သိန်း၊ အခု ၁ သိန်း ထပ်တိုးပေးထားပါတယ်။ သက်ကယ်၊ ဓနိမိုးမယ်၊ ဝါးနဲ့ပေါ့'' ဟု ပြောသည်။
မြို့နယ် ၉ မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆၁ အုပ်စု ရွေးထားရာ အချို့ကျေးရွာအုပ်စုများတွင် အိမ်ခြေ ၂ဝဝဝ ကျော်အထိ ရှိသည်။
နေအိမ်များ ပေးအပ်ရန်အတွက် မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၊ ပညာရေးမှူးတို့၏ ကြီးကြပ်မှုကို ခံယူကာ တမြို့နယ်လျှင် လက်ထောက် ၄ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။
ဒေါက်တာထွန်းမြင့်က ''သူတို့(ကော်မတီဝင်များ)က ရွာတွေကို ဆင်းရမယ်။ သူတို့နဲ့ ရွာက လူကြီးတွေနဲ့ ရွာသူရွာသားတွေ ငြိှရမယ်။ ကျနော်တို့ ပေးထားတဲ့ သတ်မှတ်ချက် စံနှုန်းတွေ ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဦးစားပေးရမယ်။ သူများအိမ်မှာ ကပ်နေရတဲ့ သူတွေကို ဦးစားပေးမယ်။ မုဆိုးမတွေကို ပို ဦးစားပေးမယ်။ အဲဒီလို အချက်တွေ အများကြီး ရှိတယ်'' ဟု ပြောသည်။
ကျေးရွာများတွင်လည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့များအထိ ဖွဲ့စည်းပေးခဲ့ကြသည်။
ဇီးဖြူကုန်းကျေးရွာတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေ၊ အတွင်းရေးမှူး ဦးအေးကို၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ဆန်း၊ ဒေါ်ခင်မာကြည်၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ယုတင်၊ ဒေါ်အေးအေးမြင့်၊ ဦီးအောင်စန်း၊ ဦးမြင့်ဦး၊ ဦးလှကြိုင်၊ ကိုဝင်းအောင်နှင့် ကိုချစ်ကို ဖြစ်သည်။