နယူးဒေလီ (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်သုံးဆားစျေးများ နှစ်ဆခွဲအထိ ထိုးတက်သွားသည်။
လပ္ပတ်တာ၊ ဘိုကလေး၊ ဖျာပုံမြို့တို့အပြင် အခြားဒေသများတွင် ယခုလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် လေပြင်း ကျရောက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အိမ်သုံးဆားစျေးများမှာ ယခင် တပိဿာလျှင် ကျပ် ၈ဝ မှ ယခုအခါ ကျပ် ၂ဝဝ အထိ စျေးတက်သွားခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က တပိဿာကို ၈ဝ ကျပ်ပဲပေးရတယ်။ မနေ့ကအထိ ဆားစျေးက တပိဿာ ၂ဝဝ ကျပ်ပေးရတယ်” ဟု လပွတ်တာ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ယခုလို အဆမတန် စျေးတက်သွားရခြင်းသည် ရာသီချိန်ခါ မဟုတ်ဘဲ မိုးရွာသွန်းခဲ့သဖြင့် ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းအချို့ ရုတ်တရက် ရပ်ဆိုင်းရသောကြောင့် ဖြစ်သည်ဟု ရန်ကုန် ဆားဒိုင်များကလည်း ဆိုသည်။
“မိုးကသည်းတော့ ဧရာဝတီက ဆားဒိုင်တွေ ခဏရပ်ထားတယ်။ အခု ပို့ပေးနေတာကလည်း လက်ကျန်ဆားတွေ ဆက်ဝင်နေတာပေါ့” ဟု ရန်ကုန်မြို့ KK group ဆားလုပ်ငန်း ပိုင်ရှင်က ပြောသည်။
အလားတူ တိုးနယား ဆားဒိုင်ပိုင်ရှင်ကလည်း “အန်ကယ်တို့ကို အမြဲ ဆားပို့ပေးနေတဲ့ ကုန်ကားတွေက မထွက်ဘူး။ အဲဒီတော့ ဆားတွေက ထပ်မရောက်လာဘူးပေါ့။ ဒါပေမဲ့ နေထပ် ပွင့်လာရင်တော့ ဆားတွေက ပြန်ပြီး စျေးကျသွားနိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၁ဝ ရက်ခန့်က ရန်ကုန်တိုင်းအတွင်း ဆားဒိုင်များက ကုန်ကြမ်းအဖြစ် ဆားတပိဿာလျှင် ၁ဝဝ ကျပ် ပေးဝယ်ခဲ့ရသော်လည်း ယခုအခါတွင် ၁၆ဝ ကျပ်အထိ မြှင့်တက်သွားပြီး၊ အိမ်သုံးစား တပိဿာလျှင် ကျပ် ၃ဝဝ ရောင်းစျေးရှိကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။
ဆားထွက်ရာ ဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ ရခိုင်နှင့် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ကွင်းများမှ ဆားများကို မြန်မာပြည်အနှံ့ ဆားဒိုင်များသို့ လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချပေးနေသည်။
၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်နေ့က တနာရီလျှင် မိုင် ၁၂ဝ နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် နာဂစ်လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းများ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ပြန်လည် နာလန်ထူနိုင်ရေးအတွက် အာဏာပိုင်များက ဆားလုပ်ငန်းရှင်များကို ငွေချေးပေးခဲ့သည်။
နာဂစ်အပြီး ဆားစျေးမှာ ပိဿာချိန် ၁ သိန်းလျှင် ကျပ်သိန်း ၄ဝဝ အထိ ပေါက်စျေးရှိခဲ့ရာမှ မကြာသေးခင် ကာလအထိ ကျပ်သိန်း ၈ဝ ခန့်အထိ ကျဆင်းခဲ့သည်။
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် လူဦးရေ တသိန်း လေးသောင်းခန့် သေကြေပျောက်ဆုံးခဲ့ရသည်။