မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို မေလမှာ စတင်မည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို မေလမှာ စတင်မည်
by -
နန်းဒေဝီ
ပရောက်ဖက်ရှင်နယ် ဘောလုံး ကလပ်အသင်းများ ထူထောင်ပြီး ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည့် မြန်မာ နေရှင်နယ်လိဂ်၏ ဘောလုံးပွဲစဉ်များကို လာမည့် မေလတွင် ပထမဆုံး စတင် ကျင်းပသွားမည် ...

နယူးဒေလီ (မဇ္စျိမ)။     ။ ပရောက်ဖက်ရှင်နယ် ဘောလုံး ကလပ်အသင်းများ ထူထောင်ပြီး ပထမဆုံးပြိုင်ပွဲ ဖြစ်လာမည့် မြန်မာ နေရှင်နယ်လိဂ်၏ ဘောလုံးပွဲစဉ်များကို လာမည့် မေလတွင် ပထမဆုံး စတင် ကျင်းပသွားမည် ဖြစ်သည်။

၂ဝဝ၈ ခုနှစ်အတွင်းက မြန်မာနေရှင်နယ်လိဂ် MNL ကို ထူထောင်ခဲ့ပြီး၊ မြန်မာ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအကြောင်း တတ်သိ နားလည်သူများ စုပေါင်းကာ ဘောလုံးအသင်းများကို နိုင်ငံအဆင့် အသင်းများ ဖြစ်လာစေရန် စတင် လုပ်ဆောင်ခဲ့သည်။

ယမန်နေ့ကလည်း မြန်မာနေရှင်နယ်လိဂ်အသင်း ကစားသမားများကို ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ကစားနေရာမှ ပုဂ္ဂလိက ဘောလုံးကလပ် အသင်းများသို့ ကူးပြောင်းသည့် တရားဝင် အပြောင်းအရွှေ့ဖြစ်ရေး အပြီးသတ် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့သေးသည်။

ပြောင်းရွှေ့ကြေးအဖြစ် အမြင့်ဆုံး ကျပ် ၅ဝ သိန်းနှင့် တလ လစာအဖြစ် အမြင့်ဆုံး ကျပ် ၁ဝ သိန်းအထိ နာမည်ကြီး အားကစားသမား ၅ ဦးကို ပထမအသုတ်အဖြစ် ပေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။    

“အကုန်လုံး ရပါတယ်ခင်ဗျ။ စာချုပ် ချုပ်ဆိုခကို အကုန်ပေးပါတယ်။ ဘောလုံးအသင်း လစာကိုလည်း ဘောလုံးသမားတွေကို အကုန်ပေးတာပါ။ အဓိက သူတို့အတွက်ပဲ ကျနော်တို့ ကြိုးစား အားထုတ်ပြီးတော့ သူတို့ဘဝ မြင့်အောင် လုပ်ပေးတာပါ။ လစာကြေးက ၃ သိန်းအောက်လည်း ရှိပါတယ်” ဟု မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ကလပ်အသင်း ကစားသမားများကို သင်ပေးရန် နိုင်ငံခြားသားများ ဌားရမ်းခွင့်နှင့် ကစားသမားများ အပါအဝင် တသင်းလျှင် နို်င်ငံခြားသား အများဆုံး ၅ ဦးအထိ ခေါ်ယူနိုင်သည်။   

ဦးဇော်ဇော်က “အခု ကျနော်တို့လုပ်တဲ့ singing လုပ်နေတဲ့ဟာက နိုင်ငံတကာ အဆင့်မီ ဖြစ်ပါတယ်။ ကျနော်တို့ သုံးတဲ့ contract တွေ၊ certificate တွေ အားလုံးက ကမ္တာ့ဘောလုံး အဖွဲ့ချုပ်တွေ၊ အာရှဘောလုံး အဖွဲ့ချုပ်တွေကနေ အသိမှတ်ပြုထားတဲ့ singing format အတိုင်း လုပ်ထားတာပါ” ဟု ပြောသည်။

မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများက  မြန်မာဘောလုံး ကလပ်အသင်းများကို စတင် တည်ထောင်ခဲ့ကြောင်း ယခုလ ၄ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ် သတင်းစာ ရှင်းလင်းပွဲ တခုတွင် ကြေညာခဲ့သည်။

ကလပ်အသင်းပိုင်ရှင် အများစုသည်  စစ်အစိုးရနှင့် ဖက်လဲတကင်း ပေါင်းစားနေသူ လုပ်ငန်းရှင်များ ဖြစ်ကြီးပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ခြင်း ခံရသူများ ဖြစ်သည်။

ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက ရန်ကုန်ယူနိုက်တက်၊ ကမ္တောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ကမ္တောဇအသင်း၊ အယ်လ်ပိုင်း သောက်ရေသန့် လုပ်ငန်းရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ရတနာပုံအသင်း၊ အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်က မကွေးအသင်း၊ ယုဇနကုမ္ပဏီ ဦးဌေးမြင့်က တောင်ပိုင်း မြန်မာယူနိုက်တက်၊ အိုင်ဘီတီစီ အရက်ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်က ဥဿာယူနိုက်တက်၊ အေဒင်ကုမ္ပဏီ ဦးချစ်ခိုင်က ဒယ်လ်တာ ယူနိုက်တက််နှင့် ရွှေနဂါးမင်းကုမ္ပဏီပိုင်ရှင် ဦးဝင်းမြင့်က ဇေယျာရွှေမြေအသင်းတို့ တည်ထောင်ရာ စုစုပေါင်း ၈ သင်း ဖြစ်သည်။

ဘောလုံးကလပ်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းသည် အနာဂတ် မြန်မာဘောလုံး အလားအလာ ကောင်းရန် လုပ်သည့်အပြင် မြန်မာတမျိုးသားလုံး ဘောလုံးကစားလာရန် လုပ်ခြင်းဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က  ဆိုသည်။

စီးပွားရေး သတင်းရပ်ကွက် အဆိုအရတော့ စစ်အစိုးရနှင့် ပေါင်းလုပ်လျှင် ”ခိုင်းတာကို လုပ်ပါ၊ ပြန်ကျွေးပါလိမ့်မယ်” မူကို ကျင့်သုံးခြင်းသည်သာလျှင် အခုလို အကောင်အထည် ပေါ်လာခြင်းဟု ဆိုသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဘောလုံးအနာဂတ်ကတော့ ဘာပဲဖြစ်ဖြစ် တိုးတက်လာမှာပါ။ ဒါပေမဲ့ အချိန်အတိုင်းအတာ တခုအထိတော့ ကျနော်တို့ ကြိုးစားဆောင်ရွက်မှ၊ အားလုံးလည်း ညီညွတ်မှ ဒီဟာက အောင်မြင်မှာပါ” ဟု ပြောသည်။    

သူက ဆက်ပြီး “ဒီဟာကို ပြောင်းလဲလုပ်လိုက်တာက ဘောလုံးလောကရဲ့လုပ်ဆောင်စရာ အချက်တွေထဲက တချက်ကို လုပ်လိုက်တာပါ။ နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ professional အဆင့် ဖြစ်လာဖို့အတွက်က ကျနော်တို့ အချိန်အများကြီး လုပ်ရင်းနဲ့ လုပ်ဆောင်သွားရမှာပါ” ဟု ပြောသည်။