နိုင်ငံရေးအကျဉ်းသူ ခြင်ထောင် ထောင်ခွင့်မရ

နိုင်ငံရေးအကျဉ်းသူ ခြင်ထောင် ထောင်ခွင့်မရ
by -
ကိုဝိုင်း
နိုင်ငံရေးသမားများကို ကူညီသည်ဟုဆိုကာ မိထ္ထီလာထောင်တွင် ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် ရန်ကုန်မြို့မှ အသက် ၆၁ အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းစန်းတင်ကို ထောင်အာဏာပိုင်များက ခြင်ထောင်သုံးခွင့် မပြုကြောင်း ညီမဖြစ်သူက ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ နိုင်ငံရေးသမားများကို ကူညီသည်ဟုဆိုကာ မိထ္ထီလာထောင်တွင် ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် ရန်ကုန်မြို့မှ အသက် ၆၁ အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းစန်းတင်ကို ထောင်အာဏာပိုင်များက ခြင်ထောင်သုံးခွင့် မပြုကြောင်း ညီမဖြစ်သူက ပြောသည်။

သူ့ကို ရာဇဝတ် အကျဉ်းသူများနှင့် ရောနှောထားသလို ခြင်ထောင် မသုံးရသဖြင့်လည်း ခြင်ကိုက်နာများ ပေါက်နေပြီး ညဘက်၌ ကောင်းမွန်စွာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်ဟု ပြောသည်။

“ကျန်းမာရေးက အကောင်းကြီး မဟုတ်ဘူး။ ၆၁ နှစ် ရှိပြီဆိုတော့။ ညဆို မအိပ်ရဘူးတဲ့။ ခြင်ထောင် မပေးဘူးတဲ့။ အင်းစိန်မှာတုန်းက ခြင်ထောင်နဲ့ အိပ်ရတယ်လေ။ မိထ္ထီလာရောက်တော့ ခြင်ထောင် ပေးမထောင်တော့ ခြင်တွေ အရမ်းကိုက်တော့တဲ့ သူ့မှာလည်း ခြင်ဘုတွေချည်းပဲပေါ့နော်” ဟု ယနေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ညီမဖြစ်သူ ဒေါ်စုစုကြည်က မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်၌ အကျဉ်းကျစဉ်က ဝယ်ပေးထားသည့် ခြင်ထောင် ပါသွားသော်လည်း မိထ္ထီလာ ထောင်အာဏာပိုင်များကမူ အသုံးပြုရန် ယခုထိ ခွင့်မပြုခြင်း ဖြစ်သည်။

“သူ့မှာ အစကတည်းက နှလုံးရောဂါလည်း ရှိတယ်။ ကျောက်တည်တာ ဖြစ်တယ်။ လည်ပင်းကြီးတယ်” ဟု ဒေါ်စုစုကြည်က ဆိုသည်။

ဒေါ်စန်းစန်းတင်သည် နိုင်ငံရေးသမားများအား ကူညီမှုဖြင့် ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက အဖမ်းခံရပြီး၊ ထောင်ဒဏ် ၉ နှစ်ကျခဲ့ရသည်။ ထို့နောက် အယူခံဝင်သဖြင့် ၅ နှစ်သာ ကျန်ရှိတော့သည်။ ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် သူ့ကို ရန်ကုန် အင်းစိန်ထောင်မှ မိထ္ထီလာထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။

ယနေ့ ထောင်ဝင်စာ တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ယခင်လ ၁၁ ရက်နေ့ကလည်း တွေ့ခဲ့သေးသည်။ ရန်ကုန်မှ ခရီးဝေး လာတွေ့ရခြင်း ဖြစ်သော်လည်း လူချင်းတွေ့ဆုံခွင့် ၂၅ မိနစ်သာ ရရှိသည်။

“တွေ့တဲ့အချိန် မိနစ် ၂၀ ။ ၅ မိနစ် အပိုပေးတယ်ဆိုတော့ ၂၅ မိနစ်ပေါ့။ အန်တီက ပြောတယ်၊ 'ဒီလောက် အဝေးကြီးက လာတာ မိနစ် ၂၀ ပဲလား' လို့။ 'အင်း' တဲ့၊ ' ၅ မိနစ် ပိုပေးပါတယ်' တဲ့။ အခုလာတဲ့အချိန်မှာ လူက အရမ်းကို ပင်ပမ်းပြီး လှုပ်တောင် မလှုပ်ချင်ဘူး။ သွေးတွေလည်း တိုးပေါ့နော်” ဟု သူက ပြောသည်။

ဒေါ်စုစုကြည်သည် မြင်းခြံထောင်၌ ထောင်ဒဏ် ၆၅ နှစ်ကျနေသော သမီးဖြစ်သူ ၈၈ ကျောင်းသူ မသက်သက်အောင်ကို မနက်ဖြန်တွင် သွားရောက် တွေ့ဆုံမည် ဖြစ်သည်။

မသက်သက်အောင်၏ ခင်ပွန်းသည် ၈၈ ကျောင်းသား ကိုချစ်ကိုလေးသည် ပခုက္ကူထောင်၌ ပြစ်ဒဏ် ၁၁ နှစ် ကျနေသော်လည်း အယူခံဝင်သဖြင့်  ရ နှစ်သာ ကျန်ရှိတော့သည်။

တူမဖြစ်သူ မနိုးနိုးမှာလည်း မအူပင်ထောင်၌ ၁၁ နှစ် ပြစ်ဒဏ်ကျနေသည့် နိုင်ငံရေး အကျဉ်းသူဖြစ်ပြီး၊ အယူခံခဲ့သဖြင့် ရ နှစ်သာ ကျန်သည်။