ဆေးတပ်နှင့် သစ်တော ရန်ပွဲဖြင့် အဆုံးသတ်

ဆေးတပ်နှင့် သစ်တော ရန်ပွဲဖြင့် အဆုံးသတ်
by -
မျိုးကြီး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယက ဥက္ကဋ္ဌ ဖလား ဘောလုံးပွဲ ကျင်းပရာ ယမန်နေ့က ပွဲစဉ်တွင် ဆေးတပ်အသင်းနှင့် ပြိုင်ဘက် သစ်တောအသင်း ကစားသမားများ ရန်ဖြစ်သဖြင့် ပွဲရပ်နားလိုက်ရ ...

ရွှေလီ (မဇျွိမ) ။     ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ခယက ဥက္ကဋ္ဌ ဖလား ဘောလုံးပွဲ ကျင်းပရာ ယမန်နေ့က ပွဲစဉ်တွင် ဆေးတပ်အသင်းနှင့် ပြိုင်ဘက် သစ်တောအသင်း ကစားသမားများ ရန်ဖြစ်သဖြင့် ပွဲရပ်နားလိုက်ရသည်။

ဗန်းမော်မြို့ ဘောလုံးကွင်းအတွင်း ကျင်းပသည့် တတိယ နေရာလုပွဲအတွင်း ပထမပိုင်းတွင် သစ်တောဌာနက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရထားပြီးနောက် ဒုတိယပိုင်းတွင် ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်သည်။

“ဒုတိယပိုင်း ပြန်ကန်တော့ ဆေးတပ်က လူတွေချည်းပဲ ဖိချတာ။ ကွင်းလယ်ဒိုင်က အရေးမယူရဲဘူး။ ဒီတော့ သစ်တောအသင်း ကပ္ပတိန် အားတီက 'နေ - မကစားတော့ဘူး' လို့ ဆိုပြီး လုပ်လိုက်တယ်။ သူက ကွင်းပြင် ထွက်သွားတယ်။ ကျန်တဲ့သူတွေက လိုက်မထွက်ရဲဘူး။ ဆက်ကန်တာ။ ” ဟု ဘောလုံးပွဲသွားကြည့်သူ တဦးက မဇ္ဈိမကို ပြောသည်။

ထို့နောက် ဆေးတပ် အသင်းသားတဦးနှင့် ထိမိပြီး သစ်တောဂိုးသမား သတိမေ့သဖြင့် ထမ်းထုတ်ခဲ့ရသည်။

ထိုသို့ဖြစ်နေစဉ် ကစားကွင်းအပြင် ရောက်နေသည့် သစ်တောအသင်း ကပ္ပတိန်က ပြန်ဝင်ပြောသဖြင့် တဖက် ကစားသမားများက သူ့ကို ၀ိုင်းဝန်း ထိုးကြိတ်ကြသည်။

ထို့နောက် ဆေးတပ်ဘက်ကို အားပေးရန် လာသည့် ပရိသတ်များက သစ်တောအသင်း ကစားသမားများအား ကျောက်ခဲများ၊ တုတ်များ ကိုင်ဆောင်၍ လိုက်ကြသဖြင့် ကစားသမားများ ထွက်ပြေးခဲ့ကြသည်။

ရန်ပွဲကြောင့် ခရိုင် အားကစားမှူးက တတိယနေရာအတွက် ဆုမပေးတော့ဘဲ ပယ်ဖျက်လိုက်ကြောင်း ဆေးတပ် တပ်ရင်းမှုးကို အကြောင်းကြားခဲ့သည်။