လိုင်ဇာတွင် မှတ်ပုံတင် ထုတ်ပေး

လိုင်ဇာတွင် မှတ်ပုံတင် ထုတ်ပေး
by -
မျိုးကြီး
မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ထုတ်ပေးနေသည်။ မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) လဝက တို့ ပူးတွဲကာ လိုင်ဇာ မြို့တော်ခန်းမတွင် ...

ရွှေလီ (မဇ္စျိမ) ။     ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ထုတ်ပေးနေသည်။

မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) လဝက တို့ ပူးတွဲကာ လိုင်ဇာ မြို့တော်ခန်းမတွင် ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ စတင်၍ တလကြာ ထုတ်ပေးသွားမည်ဟု သိရခြင်း ဖြစ်သည်။  

''အရင်တုန်းက ဆန္ဒခံယူပွဲ မဲထည့်တုန်းက ယာယီ မှတ်ပုံတင် ရထားတဲ့ သူတွေကို ပြန်လဲပေးတာပါ။ အသစ်လည်း လုပ်ပေးတယ်။ အားလုံးကို လုပ်ပေးတယ်။ နောက်တခေါက်ဆို ကြာမယ်ပေါ့။ နောက်တခေါက်ဆို လာလုပ်မပေးဘူးဆိုတဲ့ သဘော ပြောသွားတာပေါ့'' ဟု ရပ်ကွက်တခုမှ ရယက ဥက္ကဋ္ဌ တဦးက မဇ္စျိမကို ပြောသည်။

သူက သူ့ရပ်ကွက်သားတချို့ကို ခေါ်ကာ မှတ်ပုံတင် ထုတ်ပေးရာသို့ လိုက်ပါသွားခဲ့သူဖြစ်သည်။

လိုင်ဇာဒေသခံတဦးက ''ဒီနေ့မနက်က သွားကြည့်လိုက်တယ်။ တယောက်စ၊ နှစ်ယောက်စပဲ တွေ့တယ်။ ကျိုးတိုးကျဲတဲပဲလေ။ အရင် မေလတုန်းကလို အုံးအုံးကျွက်ကျွက်၊ အားရဝမ်းသာ သွားကြတာ သိပ်မရှိဘူး'' ဟု ပြောသည်။

ယခုထိ လူဦးရေ ၁၀၀ ကျော်သာ မှတ်ပုံတင် လာလုပ်ခဲ့သေးကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလ ဆန္ဒခံယူပွဲ မကျင်းပခင် မှတ်ပုံတင် မရှိသူများအား နိုင်ငံသားမှတ်ပုံတင် ကဒ်အဖြူရောင်များ ယာယီ ထုတ်ပေးခဲ့သည်။

သို့သော် ကေအိုင်အေ တပ်သားများကိုမူ ယခုထုတ်ပေးနေသည့် ပန်းရောင်အတိုင်း ထုတ်ပေးခဲ့ကာ၊ အရွယ်အစားမှာ အနည်းငယ် သေးငယ်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေကိုမှ မှတ်ပုံတင်ကဒ် ထုတ်ပေးခြင်းသည် စည်းရုံးရေးဆင်းသည်ဟု ယူဆကြောင်း ဒေသခံတချို့က ဆိုသည်။

ယခု အခြေအနေနှင့် ပတ်သက်ပြီး ကေအိုင်အေကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။