ချင်းမိုင် (မဇ္ဈိမ)။ ။ အတန်ကြာ ကွယ်ပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ် လဆန်းပိုင်းက ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ ပြည်ပ မီဒီယာများနှင့် ပြောဆိုပြီးနောက်ပိုင်း ရ လခန့်အကြာ၌ တဖန် ပေါ်ထွက်လာခြင်း ဖြစ်သည်။
၈၈ ကျောင်းသားအဖွဲ့က တောင်သူလယ်သမားများ အခွင့်အရေးကို မြန်မာစစ်အစိုးရ ချိုးဖောက်နေသည့်အတွက် အပြင်းအထန် ရှုတ်ချကြောင်း ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် တောင်သူလယ်သမားနေ့တွင် ထုတ်ဖော် ပြောဆိုခြင်းလည်း ဖြစ်သည်။
“တကယ်တော့ နေဝင်း အာဏာသိမ်းတဲ့နေ့။ တောင်သူလယ်သမားနေ့ မဟုတ်ဘူး။ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ရန်အတွက် သတ်မှတ်တဲ့နေ့ ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ဆိုတာ ကျနော်တို့ နိုင်ငံမှာ အမှန်တကယ် မရှိတော့ပါဘူး။ ဗိုလ်နေဝင်း စစ်အာဏာသိမ်းတဲ့နေ့မှာ သူက တရားမဝင် ဖုန်းကွယ်ခဲ့တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းလင်းက ပြောသည်။
ဘိုုးဘွားခေတ်ကတည်းက ဓားမဦးချ လယ်ယာမြေများတွင် လုပ်ကိုင်စားသောက်ခဲ့သည့် တောင်သူလယ်သမားများသည် နည်းအမျိုးမျိုးနှင့် စစ်အစိုးရ၏ ဖိနှိပ်မှုဒဏ်ကို ခါးသီးစွာ ခံစားနေရသည့်အပြင် မတရား ဖိနှိပ်ခံနေရမှုများလည်း ခံစားနေရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဆိုသည်။
အောင်လံမြို့ လယ်သမားများသည် စစ်တပ်က လယ်ယာမြေ သိမ်းပိုက်သည်ကို မကျေနပ်သဖြင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) ထံ ဦးဆောင်တိုင်ကြားသူ ကိုဇော်ဌေးအား မကြာသေးခင်က ဖမ်းဆီးထောင်ချသည့်အပြင် အကျိုးဆောင် ရှေ့နေကိုပါ ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ကိုထွန်းလင်းက ပြောသည်။
သူက “အခု လက်ရှိ ဖြစ်နေတယ်။ ဒဂုံမြို့သစ်မှာ ဖြစ်နေတယ်။ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို အဓမ္မ သိမ်းတယ်။ လျော်ကြေးငွေ မပေးတာတွေလည်း ရှိတယ်။ ပေးတယ်ဆိုရင်လည်း ကာလ ပေါက်စျေးနဲ့ နိမ့်တဲ့စျေးပဲ ပေးတယ်။ တဧကကို ၂ သောင်းပဲ ပေးတယ်လေ။ တောင်သူလယ်သမားတွေ ဘဝက မကျေနပ်လို့ တိုင်ရင်လည်း ဖမ်းဆီးခံရတယ်” ဟု ဆိုသည်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ လယ်သမားတဦးက တောင်သူလယ်သမားများ၏ ဘဝ တိုးတက်လာခြင်း မရှိသည့်အပြင် စပါးထွက်ရှိမှုတွင်လည်း တနှစ်ထက်တနှစ် လျော့နည်းလာသည်ဟု မဇ္စျိမကို ပြောပြသည်။
“တောင်သူလယ်သမားတွေတော့ ဒုက္ခရောက်နေကြပြီလေ။ စပါးထွက်က အရင်လို မကောင်းတော့ဘူး။ အထွက်နည်းတယ်။ စပါးစေ့က မကောင်းတော့ အကြွေးတွေနဲ့ ပတ်ချာလည်နေတာပေါ့။ ခါတိုင်းနှစ်တွေဆို စပါးစျေး ၅ သိန်းလောက်ရှိတာ၊ အခုတော့ ၃ သိန်းအောက်မှာပဲ ရှိနေတယ်လေ။ မရှိလယ်သမားတွေဆို ပတ်ချာလည်နေတာပဲ။ လူတန်းစေ့ မရှိသေးပါဘူး” ဟု သူက ပြောသည်။
သူ၏ လယ်ထဲတွင် ယခင်နှစ်များက စပါးတင်း ၄၀၀၀ ခန့် ရခဲ့သော်လည်း၊ ယခုနှစ်တွင် တင်း ၃၀၀၀ အောက်သာ ရသဖြင့် အထွက်နည်းသည်ဟု ဆိုသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ကောင်စီ အမည်ဖြင့် တိုင်းပြည်အာဏာကို ရယူခဲ့သည့်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ထို့အပြင် ၁၉၆၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့ အရောက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုသည်ကို ထုတ်ပြန်လိုက်ပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) အပါအဝင် သမဂ္ဂများ၊ နိုင်ငံရေး ပါတီများ ဖျက်သိမ်းပစ်ခဲ့သည်။
လက်ရှိ စစ်အစိုးရအနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးကော်မတီများ၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မည့် နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သည့် တောင်သူလယ်သမား သမဂ္ဂများ၊ အဖွဲ့ချုပ်များကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့် ပေးရမည်ဟု ကိုထွန်းလင်းက ဆိုသည်။
သူက “အခုလို လယ်သမားတွေ ခံစားနေရတဲ့ ဘဝတွေကို လျစ်လျှူရှုမထားဘဲ ဝိုင်းဝန်းကာကွယ်ပေးကြပါ။ လယ်သမားတွေ မတရား ခံနေရတာတွေ၊ အနိုင်ကျင့်ခံရတာတွေကို တိတိကျကျ ဖော်ထုတ်ပြီး ကျနော်တို့နဲ့အတူ ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောဆိုလိုက်သည်။