ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးစီးလုပ်ကိုင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို ရေဝေးသုဿန်သို့ ပြောင်းရွှေ့ရမည်ဟု အာဏာပိုင်များက ညွှန်ကြားလိုက်သည်။
အသင်း အခြေစိုက်ရာ သင်္ဃန်းကျွန်းမြို့နယ်မှ ဘုန်းကြီးကျောင်း တကျောင်းတွင် ထားရှိသည့် နိဗ္ဗာန်ယာဉ်များကို မြောက်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန် နယ်နိမိတ်အတွင်း ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည်ဟု ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးရုံးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
“သင်္ဃန်းကျွန်း ဘုန်းကြီးကျောင်းမှာ ထားတယ်ဆိုရင် ရပ်ကွက်ကလည်း အားလုံး သိနေပြီးဖြစ်တယ်။ အခု ကျနော်တို့ကြားတာက ရပ်ကွက် မကြိုက်လို့၊ ဘာညာဆိုပြီး ဖြစ်နေတယ်။ ရပ်ကွက် မကြိုက်ဘူးဆိုရင် ကျနော်တို့ ဖွင့်ထားတာလည်း ကြာနေပြီ။ ၂၀၀၁ ခုနှစ်တုန်းက ဒီမှာ စဖွင့်ထားတာ အခုကျမှှ မကြိုက်လို့ ဆိုတာတော့ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
အသင်းတွင် နိဗ္ဗာန်ယာဉ် ၁၆ စီး ရှိသည့်အနက် ယခု ဘုန်းကြီးကျောင်းနှင့် ရေဝေးသုဿန်ရှိ ရုံးခွဲနေရာတွင် နေရာခွဲကာ ချထားသည်။
ရွှေ့ပြောင်းရေးအတွက် ယခုလ ၆ ရက်နေ့တွင် ကျောက်တံတား စည်ပင်ရုံးသို့ ဆင့်ခေါ်ကာ မည်သည့် ဘာသာဝင်မဆို သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦနှင့် စည်ပင်သာယာ နယ်နိမိတ်အတွင်း နိဗ္ဗာန်ယာဉ်များ မထားရန် ပြောဆိုခဲ့သည်။
ဦးကျော်သူက ''ကျနော်တို့ ကားတွေ ထားဖို့ ရေဝေးသုဿန်မှာ ကျနော်တို့ရဲ့ အသင်းရုံးခွဲ ရှိတယ်။ အဲဒီ ရုံးရဲ့ဘေးက လွတ်နေတဲ့ မြေကွက်မှာ ကားတွေ ထားဖို့ ရည်ရွယ်ပြီး မြေကွက်လျှောက်ခဲ့တာ အကြောင်း မပြန်ခဲ့သည့်အပြင် အခုလို ညွှန်ကြားချက်အသစ် ထုတ်ပြန်ခဲ့တယ်'' ဟု ဆိုသည်။
သူက ဆက်ပြီး “စာကို သူတို့ (အာဏာပိုင်) က အကြောင်း မပြန်ဘဲနဲ့ နောက်ထပ် စာတစောင် ထုတ်တယ်။ ဒီလကုန် ၂၈ ရက်နေ့မှာ ဒီကားတွေ အားလုံး ရေးဝေးကို ရွှေ့ရမယ်၊ မရွှေ့ဘူးဆိုရင် စည်ပင်ဥပဒေအရပေါ့လေ၊ မော်တော်ယဉ် ကြီးကြပ်ရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ အရေးယူမယ်လို့ စာထုတ်တယ်” ဟု ပြောသည် ။
၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် နာရေးကူညီမှုအသင်းကို စတင်တည်ထောင်ခဲ့သည်။
ရန်ကုန်တိုင်းအတွင်း စျာပနချရန် ငွေကြေး ခက်ခဲသူများအား ကူညီသည့်အနေဖြင့် အသင်းဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူ ကိုယ်တိုင်လည်း ရုပ်ကလာပ်များကို နိဗ္ဗာန်ယာဉ်ဖြင့် သယ်ယူကာ သုဿန်သို့ မောင်းပို့တတ်သည်။
ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ စျာပနပေါင်း ၄၀ မှ ၅၀ အကြား ရှိနေသည်ဟု သိရသည်။
အသင်း တာဝန်ရှိသူတဦးဖြစ်သည့် စာရေးဆရာမ သန်းမြင့်အောင်က ''နာရေးကူညီမှုအသင်းနဲ့ ပတ်သက်လို့က အများပြည်သူက တော်တော်လေးကို နှစ်ခြိုက်တဲ့ သဘော ရှိတယ်။ အားကိုးကြတယ်။ အားကိုးတဲ့အတွက် ကျမတို့မှာတော့ အများပြည်သူရဲ့ ငြိုငြင်မှုတော့ ကျမတို့မှာ ဘာမှမရှိဘူး'' ဟု ပြောသည်။
သူက ဆက်ပြီး “ကျမတို့ကို အားပေးနေတဲ့ လူတွေလည်း များတယ်။ အခု ဒီနေရာမှာ ကျမတို့ရဲ့ ကားတွေကို ဒီနေရာမှာ မထားရတော့ဘူးဆိုတော့ ကျမတို့မှာလည်း အခက်အခဲတွေ ဖြစ်လာတာပေါ့။ နောက် ကြားတဲ့ လူတွေလည်း စိတ်မချမ်းသာဘူးပေါ့” ဟု ပြောဆိုလိုက်သည်။
အသင်းသား ၁၅၀ နှင့် ၂၀၀ အကြား ရှိနေပြီး၊ ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါ၀င်ကြသည်။
သုခ ကုသိုလ်ဖြစ် အမည်ရှိ ဆေးခန်းတခုကိုလည်း ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း၌ပင် ဖွင့်လှစ်ထားကာ၊ လူမျိုးဘာသာနှင့် ဆင်းရဲချမ်းသာ မရွေး ခွဲစိတ်မှုလုပ်ငန်းတချို့ အပါအဝင် ကျန်းမာရေး ဆေးဝါးကုသမှုများ ပေးနေသည်။
ရန်ပုံငွေအတွက် လုပ်ငန်းအပေါ် နှစ်သက်အားပေးသူများနှင့် စီးပွားရေးသမားများက ထည့်ဝင်လှူဒါန်းကြသည်။