အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော
by -
ကိုဝိုင်း
မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC မှ စီစဉ်သော အစည်းအဝေး ယနေ့ ကျင်းပပြီးနောက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။  

ကလေးစစ်သားအသုံးပြုခြင်း၊ ကလေးများကို သတ်ဖြတ်ခြင်း၊ အရွယ်မရောက်သေးသည့် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကလေးများ၏ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေးများကို ပြန်ပေးဆွဲခြင်း သာမက လူသားချင်း စာနာမှုအကူအညီများကို ခွင့်မပြုခြင်း စသည့် အချက် ၆ ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ ရှောင်ကြဉ်ရမည်ဟု ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပြဌာန်းထားသည်။

 “အဲဒီ အချက် ၆ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မကျူးလွန်ရဘူး။ ကျူးလွန်လို့ရှိရင် ဝိုင်းဝန်းအရေးယူဖို့ လိုတယ်လို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ ၆ ချက်လုံး အတိအကျ ကျူးလွန်နေပေမယ့် အာဆီယံ နိုင်ငံတွေက ဒီဟာကို သိပ်ပြီး အရေးယူဆောင်ရွက်တာ၊ စိတ်ဝင်စားတာ မရှိတဲ့အတွက် မြန်မာနိုင်ငံက ဆက်ပြီးတော့ ကျူးလွန်နေတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ ဒီအဖြစ်အပျက်တွေက ဖြစ်နေတာ ကြာခဲ့ပါပြီ။ မကြာခင်ကပဲ မြန်မာနိုင်ငံရဲ့ ကရင်ဒေသ၊ ရှမ်းဒေသတွေမှာ အဲဒီအချက်တွေကျူးလွန်တယ်။ ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ ပြည်တွင်းဒုက္ခသည်ဒေသတွေက ကလေးတွေ၊ ကျောင်းတွေကို တမင်ဖျက်တာတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းဆရာ-မ တွေကို နှိပ်စက်တာတွေ” ဟု သူက ထပ်ပြောသည်။

ဘန်ကောက်မြို့၌ ယခုလ ၂၇ ရက်နေ့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ် ဝန်ကြီးများကို AIPMC ကိုယ်စားလှယ်တဖွဲ့က အလွတ်သဘောတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးရာ အချက်အလက်အမှန်များ ရယူနိုင်ရေး ရည်ရွယ်၍ ယနေ့ အစည်းအဝေးကို ကျင်းပကြခြင်းဖြစ်သည်။

“ကရင် တပ်မဟာ (၃) နယ်ထဲက အိုင်ဒီပီဒေသ ကျောက်ကြီးခရိုင်ထဲမှာ ကျောင်းတွေကို မီးရှို့တာက ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှာဖြစ်တာ။ တွေ့သမျှကျောင်းတွေအကုန်လုံးကို မီးရှို့တာ။ ကလေးတွေက ကျောင်းတက်နေတဲ့နေရာကနေ ထွက်ပြေးရတယ်။ ပြန်လာတော့ ကျောင်းမရှိတော့ဘူး” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

AIPMC အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကရိုင်စက် ချွှန်ဟာဗန်နှင့် ထိုင်းတရားရေးဝန်ကြီး မစ္စတာ Pirapan တို့က အဖွင့်စကားပြောသည့် ယနေ့ အစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ Action Network for Migrants ၊ AAPP-B၊ FDB အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် သက်ဆိုင်ရာ ကျွမ်းကျင်သူများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။

ကလေးများကို စစ်သားများအဖြစ် အသုံးပြုခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်နေပြီး ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသော နအဖ အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရင်းနှီးစွာ ပေါင်းသင်းခြင်း မပြုရန်နှင့် သံတမန်ရေးအရ ထောက်ပံ့ပေးနေမှုများကို ရုတ်သိမ်းပေးရန်လည်း ဦးအောင်မျိုးမင်းက ယနေ့ အစည်းအဝေးမှတဆင့် တောင်းဆိုခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ အရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချမှတ်သည့် မူများသည်လည်း မြန်မာ့နိုင်ငံရေး ပြဿနာများကို ဝင်ရောက်ကူညီဖြေရှင်းပေးရန် အခက်အခဲ အတားအဆီးများဖြစ်သည်ဟု သူက ဆိုသည်။

ယခုလ အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အစိုးရကိုယ်စားလှယ် ဝန်ကြီးများက ဆွေးနွေးဖွယ်ရှိသည့် အာဆီယံ ပဋိညာဉ်စာချုပ်အတွင်း၌လည်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကိုသာ အဓိကထားပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍မူ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက ချိုးဖောက်လျှင် သွားရောက်စုံစမ်းနိုင်သည့် အခွင့်အလမ်းပင် သတ်မှတ်ထားခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် အားကိုးရမည့် အနေအထားမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားသည်။ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန် ပြဋ္ဌာန်းထားသေးသည်။

သို့သော် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာစစ်တပ်အတွင်း၌ ကလေးစစ်သားများ ရှိကြောင်း ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့၊ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများလည်း နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများ ထွက်ပေါ်လေ့ရှိသည်။