ချင်းမိုင်(မဇ္ဈိမ)။ ။ အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံတောင်ပိုင်း၌ ယခုလကုန်ပိုင်းတွင် ကျင်းပသည့်အခါ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အပါအဝင် မြန်မာရေးရာ ကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။
အစည်းအဝေးကို ယခုလ ၂၇ ရက်မှ မတ်လ ၁ နေ့အထိ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅ဝ ခန့် ကွာဝေးသော ဟွေဟင် Hua Hin ကမ်းခြေ၌ ကျင်းပသည့်အခါ မျက်မှောက် မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် လှေစီးဒုက္ခသည် ရိုဟင်ဂျာ အရေးများ ပါ၀င်ထည့်သွင်း ဆွေးနွေးနိုင်ကြောင်း သိရသည်။
“နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အပေါ် ဆွေးနွေးမှုတွေ၊ ရိုဟင်ဂျာကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုတော့ အဓိက ပါဝင် ဆွေးနွေးနိုင်မယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံအတွက် အခြားဖွံ့ဖြိုးရေး နည်းလမ်းများ ရှာဖွေရေး စီမံကိန်းအဖွဲ့မှ မခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။
“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုရင် အာဆီယံက charter ကလည်း အသက်ဝင်နေတဲ့ အချိန်ဆိုတော့ ဆက်ပြီး ဆွေးနွေးမယ်လို့ ထင်တယ်လေ။ အဲဒီ charter အရဆိုရင် မြန်မာပြည် ကိစ္စတွေကို စားပွဲပေါ်တင်ပြီး ဆွေးနွေးရမယ့် အဆင့်ရောက်နေပြီ။ ဒေသတွင်းမှာ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ဖို့ လုပ်နေတဲ့အချိန်လည်း ဖြစ်တယ်။ အရင်ကထက်စာရင် နအဖက အတွင်းရေးကိစ္စကို ဘယ်လောက်ထိ ပြောမယ်ဆိုတာ မသိသေးဘူး။ သေချာပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက်တော့ ပါမှာပဲ” ဟု သူက ဆက်ပြောသည်။
မြန်မာ့အရေးနှင့် ရိုဟင်ဂျာများအရေး အဓိကထား ဆွေးနွေးမည်ဟု ယမန်နေ့ထုတ် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာဌာန ညွှန်ချုပ် Vitavas Srivihok ကလည်း ပြောဆိုထားသည်။
သူက “မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ လှေစီး ရိုဟင်ဂျာအရေးဟာ ဒေသတွင်းနိုင်ငံ အတော်များများနဲ့ ပတ်သက်နေလို့ အဓိက တခုအနေနဲ့ ဆွေးနွေးမယ်။ ဒါ့အပြင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကနေ အာဆီယံ နိုင်ငံ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အဲဒါတွေ အဓိကထားပြီး ဆွေးနွေးမယ်” ဟု ယခုလ ၂၃ ရက်နေ့က သတင်းဌာနများကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ထို်င်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးမိခဲ့သည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ဦးရေ ၄ဝဝ ခန့်အား ကမ်းစပ်တွင် ထိုင်းစစ်တပ်က ဝမ်းလျားမှောက်ခိုင်းကာ လက်များကို ခေါင်းပေါ်တင်ထားစေပြီး သေနတ်ဖြင့် ချိန်၍ နိုင်ငံတကာ ရေပိုင်နက်အတွင်း အင်ဂျင်မပါသော စက်လှေဖြင့် မောင်းထုတ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံးကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့ကြသည်။
ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဆဘန်ကျွန်းတွင် လှေစီးပြေး ရိုဟင်ဂျာ ၄ဝဝ ကျော်ကို ကယ်ဆယ်ခဲ့ရပြီး အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင်လည်း ရာနှင့်ချီ၍ ကယ်ခဲ့ရသည်ဟု သိရသည်။
ရိုဟင်ဂျာများကို ထိုင်းရေတပ်က လူမဆန်စွာ ပြုမူသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်သွားမည်ဟု ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝက လူ့အခွင့်အရေး အဖွဲ့များအား ပြောဆိုခဲ့သည်။
ရိုဟင်ဂျာများက မိမိတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသည်ဟု ပြောဆိုရာ၊ မြန်မာစစ်အစိုးရကမူ မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး ဟူ၍ မရှိကြောင်း ယတိပြတ် ငြင်းပယ်မှုများ ဖြစ်ပွားခဲ့သည်။
ထိုင်းအစိုးရ အရာရှိတဦးက ယခုလ ၂၇ ရက်နေ့မှ လာမည့် မတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် ရိုဟင်ဂျာ ကိစ္စကို တင်ပြသွားမည်ဟု ယခင် မဇ္ဈိမသတင်းတရပ်တွင် ဖော်ပြခဲ့သည်။
"အာဆီယံ အစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စ တင်ပြဆွေးနွေးသွားဖို့ ကျနော်တို့ သင့်တော်လျောက်ပတ်တဲ့ နည်းလမ်း ရှာနေတယ်" ဟု သူက ပြောခဲ့သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုုပ် အဖိဆစ် ဝေ့ချ်ချာချီဝ၏ ဖိတ်ကြားချက်အရ မြန်မာဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ယမန်နေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် မတည်မငြိမ် ဖြစ်ခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေး ကျင်းပရန် နေရာပြောင်းလဲ စီစဉ်ခဲ့သည်မှာ ယခုနှင့်ဆိုလျှင် ၄ နေရာမြောက်ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ပြည်သူ့စွမ်းအားပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သည်။
အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် အာဏာရှင် ဆန့်ကျင်သည့် ညီညွတ်သော ဒီမိုကရေစီ အင်အားစုများ United Front of Democracy against Dictatorship - UDD က အာဆီယံ အစည်းအဝေးကို အဟန့်အတား ဖြစ်စေမည်ကို စိုးရိမ်၍ ပြောင်းရွှေ့ရကြောင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ပြီးခဲ့သည့်လ ရ ရက်နေ့က ပြောကြားခဲ့သည်။
အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့သည်။