မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ

မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
by -
သန်းထိုက်ဦး
ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ အလုပ်ရုံတခုမှ အလုပ်သမား အခွင့်အရေး ဆန္ဒပြ မြန်မာလုပ်သား ၂၉၃ ဦးအား အလုပ်ရှင်က ယမန်နေ့က အလုပ်ထုတ်လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဟန်ထိုင်း သိုးမွှေးစက်ရုံ (Hang Thai Knitting Industrial Co.Ltd) မှ အလုပ်ပိုင်ရှင်က ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ အလုပ်ရုံတခုမှ အလုပ်သမား အခွင့်အရေး ဆန္ဒပြ မြန်မာလုပ်သား ၂၉၃ ဦးအား အလုပ်ရှင်က ယမန်နေ့က အလုပ်ထုတ်လိုက်သည်။   

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဟန်ထိုင်း သိုးမွှေးစက်ရုံ (Hang Thai Knitting Industrial Co.Ltd) မှ အလုပ်ပိုင်ရှင်က ယခုလ ၂၃ ရက်နေ့က အလုပ်သမား ကာကွယ်ရေးရုံးသို့ မြန်မာအလုပ်သမား ကိုယ်စားလှယ် ၁၀ ခန့်အား ဆင့်ခေါ်ကာ ယမန်နေ့မှ စတင်ကာ အလုပ်ထုတ်ကြောင်း ပြောဆို အသိပေးခဲ့ခြင်း ဖြစ်သည်။   

“အလုပ်ရုံ တာဝန်ရှိသူတွေက ပထမဦးဆုံး ကြော်ငြာစာရွက်ကို ကပ်လိုက်တယ်။ ကြော်ငြာထဲမှာ အလုပ်သမားတွေဟာတဲ့ သူ့ရဲ့ (အလုပ်ပိုင်ရှင်) ရဲ့ အလုပ်ကိုတဲ့ အထည် အကျနည်းပြီး၊ အရည်အချင်း မရှိတဲ့ အတွက်ကြောင့် အလုပ်မှ ရပ်စဲလိုက်တယ်လို့ ဖော်ပြထားတယ်” ဟု အလုပ်ထုတ်ခံရသူ ကိုဇော်ဇော်က မဇ္ဈိမကို ပြောသည်။   

အလုပ်ထုတ်ခံလိုက်ရသည် ရွှေ့ပြောင်း အလုပ်သမားများသည် စက်ရုံ၌ ဖိနှိပ်အုပ်ချုပ်မှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ အချိန်ပိုကြေး မရခြင်း စသဖြင့် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက စတင်၍ တောင်းဆိုခဲ့သေးသည်။

ထိုမှတဆင့် ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် မဲဆောက် အလုပ်သမား ကာကွယ်ရေးရုံးမှ အရာရှိများရှေ့တွင် အလုပ်သမား အခွင့်အရေးများကို လိုက်လျောရန် စက်ရုံမှ သဘောတူညီမှု ရရှိခဲ့ပြီး အလုပ်ရှင်မှ ယခုလို အလုပ်မှ ထုတ်လိုက်ကြောင်း ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မန်နေဂျာမှ အလုပ်သမားများအား အလုပ်သမားငှားရမ်း ကတိစာချုပ်တွင် စက်ရုံမှ အလုပ်သမားဥပဒေ၊ အလုပ်သမား အခွင့်အရေးနှင့်အညီ လုပ်ဆောင်ပါသည် ဆိုသည့် ဝန်ခံကတိကို အလုပ်သမားများ၏ သဘော ဆန္ဒမပါဘဲ လက်မှတ်ထိုးခိုင်းရာ အလုပ်သမားများက ငြင်းဆန်ခဲ့ရာမှ စတင်၍ စက်ရုံတွင် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများ၊ အချိန်ပို အလုပ်ချိန်တွင် အလုပ်မလုပ်ဘဲ ရပ်ဆိုင်းခြင်းများဖြင့် ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ၏ ကြေညာချက်က ဆိုသည်။  

အလုပ်ပိုင်ရှင်အနေဖြင့် အလုပ်သမား အခွင့်အရေးကို မပေးချင်သည့်အတွက် အလုပ်မှ ဖြုတ်ပစ်ခြင်း ဖြစ်သည်ဟု BLSO မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးသံဒုတ်က မဇ္ဈိမကို ပြောသည်။   

“အလုပ်သမား ၂၉၃ ယောက်ကို အလုပ်ဖြုတ်ပစ်လိုက်တယ်။ အဓိကတော့ အလုပ်သမားတွေကို အလုပ်သမား ဥပဒေအတိုင်း အခွင့်အရေး မပေးချင်တဲ့အတွက် အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်” ဟု သူက ပြောသည်။    

ကိုဇော်ဇော် ပြောပြချက်အရ အလုပ်ပိုင်ရှင်က ဇန်နဝါရီလ ၂၇ ရက်နေ့မှ ယခုလ ၂၄ ရက်နေ့အထိ အလုပ်လုပ်ခဲ့ပြီး၊  အလုပ်ထုတ်ရာတွင် ပါ၀င်သည့် လုပ်သားဦးရေ ၂၀၀ ကျော်အား မနက်ဖြန် နေ့လည် တနာရီတွင် အလုပ်သမားရုံး၌ လစာများ ထုတ်ပေးရန် သဘောတူထားသည်ဟု သိရသည်။   

အဆိုပါ အလုပ်ရုံ၏ အလုပ်သမား ငှားရမ်းသည့် စာချုပ်မှ ဖော်ပြထားချက်အရ အလုပ်ရှင်သည် အပြစ်မရှိသော အလုပ်သမားအား အလုပ်ထုတ်လိုပါက အလုပ်သမားထံ တလ ကြိုတင်၍ အကြောင်းကြားရမည်ဟု ပါရှိသည်။   

ကိုဇော်ဇော်က ''ဥပဒေမှာ ရှိတာက အလုပ်သမား တယောက်ဟာ ၃ နှစ် ကြာမယ်ဆိုရင် ၃ နှစ် အလိုက် နစ်နာကြေးကို အပြည့်အဝ မပေးတာတောင်မှ  အလုပ်သမား ကျေနပ်မှု၊ ပြေလည်မှု ရှိအောင် ပေးရမယ်လို့ လုပ်ထားတယ်။ အခု ကျနော်တို့ကို တပြားမှ မပေးဘဲနဲ့ ကိုယ့်ရဲ့ လစာကိုပဲ ပေးပြီး အလုပ်ဖြုတ်လိုက်တဲ့အတွက် အလုပ်ရှင်ကို တရားစွဲဖို့အထိ စီစဉ်ထားတယ်" ဟု ဆိုသည်။   

ကြိုတင် ကြေညာအသိပေးခြင်း၊ ဥပဒေအရ နစ်နာကြေး မပေးဘဲ ထုတ်ပစ်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ရရှိရန်အတွက် ဆက်လက် ဆောင်ရွက်မည်ဟု ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် BLSO ၏ ကြေညာချက်က ဆိုထားသည်။