သံလက်သီးအမှုတွင် ပါ၀င်သူ ပြန်လွတ်လာ

သံလက်သီးအမှုတွင် ပါ၀င်သူ ပြန်လွတ်လာ
by -
သန်းထိုက်ဦး
ထောင်ဒဏ် ရ နှစ် ကျခံနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးညိုကြီး ယခုလ ၂၀ ရက်နေ့က ခန္တီးထောင်မှ ပြန်လွတ်လာသည်။ စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စတင်၍ ပြန်လွှတ်ပေး ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ထောင်ဒဏ် ရ နှစ် ကျခံနေသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးညိုကြီး ယခုလ ၂၀ ရက်နေ့က ခန္တီးထောင်မှ ပြန်လွတ်လာသည်။   

စစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စတင်၍ ပြန်လွှတ်ပေးမည့်ရက် မတိုင်ခင် တရက်အလိုက ယခုလို လွတ်လာခြင်း ဖြစ်သည်။   

“ခန္တီးကနေ ပြန်လာတော့ ည ဟုမ္မလင်း ရောက်တာပဲ။ အဲဒီကနေ ပြန်လွတ်လာတဲ့အကြောင်း ဖုန်းဆက်ပြောတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။   

ယခုအခါ အပြန်လမ်း၌သာ ရှိနေသေးပြီး ယနေ့ ညပိုင်းတွင် မတ္တရာသို့ ပြန်ရောက်နိုင်ကြောင်း သူက ဆက်ပြောသည်။

၂၀၀၇ ဇွန်လ ၁၅ ရက်နေ့က မန္တလေးတွင် ပြုလုပ်သည့် အန်အယ်ဒီ အဖွဲ့ဝင်များ၏ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် အမည်မသိ လူတဦးက မတ္တရာအမတ် ဦးသန်းလွင်အား သံလက်သီးဖြင့် ထိုးကာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးအတွင်း ၀င်ပြေးခဲ့သည်မှ စတင်ခဲ့သည်။   

ထိုမှတဆင့် ဦးသန်းလွင်က မျက်မြင်သက်သေများနှင့် ရဲစခန်းသို့ သွားတိုင်ရာ ရဲများက ကြံ့ဖွံ့ရုံးသို့ သွားသည့်အခါ ရုံးတံခါး မဖွင့်သည့်အပြင် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲ့ရာမှ မျက်မြင်သက်သေအဖြစ် လိုက်သွားသူ ဦးညိုကြီးနှင့် ကာယကံရှင် ဦးသန်းလွင် အပါအဝင် ရ ဦးမှာ ထောင်ဒဏ်များ ကျခံခဲ့ရသည်။   

သူတို့အား အသရေဖျက်မှု ပုဒ်မ ၅ဝ၆ ဖြင့် ထောင်ဒဏ် ရ နှစ်စီ ချခဲ့သော်လည်း မန္တလေးတိုင်း တရားရုံးတွင် အယူခံဝင်ရာ ဦးညိုကြီးမှအပ မျက်မြင်သက်သေ ၅ ဦးအား တနှစ်အထိ ပြစ်ဒဏ်လျှော့ချခဲ့ရာ ၂၀၀၈ ခု အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လွတ်လာပြီး ဖြစ်သည်။   

သို့သော် မတ္တရာအမတ် ဦးသန်းလွင်မှာမူ မန္တလေး အိုးဘိုထောင်ထဲ၌ ထောင်ဒဏ် ၈ နှစ် ကျခံနေရဆဲ ဖြစ်သည်။

သံလက်သီးသမားအား ယခုအချိန်ထိ ရှာဖွေ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြချက်အရ မြန်မာစစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်နေရာ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးသာ ပါ၀င်သေးကြောင်း သိရသည်။