ဂမ်ဘာရီ တိုက်တွန်းချက် အန်အယ်ဒီ လက်မခံ

ဂမ်ဘာရီ တိုက်တွန်းချက် အန်အယ်ဒီ လက်မခံ
by -
နန်းဒေဝီ
မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အားပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ကုလ လုပ်ငန်းစဉ်များကို စွက်ဖက်သည့် အသွင်ဆောင်ကြောင်း အတိုက်အခံပါတီ အန်အယ်ဒီက ယနေ့ ပြောဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အားပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ကုလ လုပ်ငန်းစဉ်များကို စွက်ဖက်သည့် အသွင်ဆောင်ကြောင်း အတိုက်အခံပါတီ အန်အယ်ဒီက ယနေ့ ပြောဆိုလိုက်သည်။  

မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ယမန်နေ့ ပူးတွဲကြေညာချက်တွင် "နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံနိုင်ဖွယ် ပုံစံတခုဖြစ်အောင် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်မာအစိုးရကို အားပေးရန်" တိုက်တွန်းချက်သည် ကုလ လုပ်ငန်းစဉ်အပေါ် စွက်ဖက်သလို ဖြစ်သွားနိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။   

"အဲဒါ ဘာကြောင့် ထုတ်သလဲဆိုတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်ထားတဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လေးစား လိုက်နာရမယ် ဆိုတဲ့ မူနဲ့ မကိုက်ညီတဲ့အတွက် အထူး စိုးရိမ်မိတယ်။ သူ့အနေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို ၀င်ရောက် စွက်ဖက်သလို ဖြစ်သွားမယ်" ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။   

သူက ဆက်ပြီး "ဂမ်ဘာရီရဲ့ ရပ်တည်ချက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေရဲ့အပြင် ရောက်နေတဲ့  ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ သူတို့က အထွေထွေ ညီလာခံမှာ နိုင်ငံပေါင်းစုံတွေရဲ့ ဆုံးဖြတ်ချက်ခဲ့တဲ့ ဟာတွေနဲ့ မကိုက်ညီတဲ့အတွက် စိုးရိမ်မိတယ်လို့ ပြောတာပါ" ဟု ပြောသည်။   

ကုလ ကိုယ်စားလှယ်သည် ရ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာပြည်သို့ ယခုလဆန်းပိုင်းက လာရောက်စဉ် အကျယ်ချုပ်ကျခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။  

ဆွေးနွေးပွဲတွင် အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို မစ္စတာဂမ်ဘာရီက တိုက်တွန်းပေးပါရန် ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အန်အယ်ဒီက လက်မခံကြောင်းနှင့် အဆိုပါ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အကြံပြု ဆွေးနွေးခဲ့သည်။  

မစ္စတာဂမ်ဘာရီက မည်သည့် အချက်သည် အဓိက ဦးစားပေးသနည်းဟု မေးမြန်းခဲ့ရာ အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အကုန်လွှတ်ပေးရေး ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ယမန်နေ့က အထူးကြေညာချက် နှစ်စောင်ကို အန်အယ်ဒီက ထုတ်ပြန်ရာတွင် မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီး၏ ပူးတွဲ ကြေညာချက်အပေါ် ယနေ့ ပြောဆိုချက်အတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ၊ နောက်တစောင်၌မူ မကြာမီ မြန်မာပြည်သို့ လာရောက်မည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အပေါ် ပါတီီအနေဖြင့် မည်သည့် ကြိုတင် ကန့်သတ်ထားခြင်းများ မရှိကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။  

"အန်အယ်ဒီက ကြိုတင် စည်းကမ်းချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ် ဆိုတာတွေက မမှန်ဘူး။ ကျနော်တို့မှာ အဲလို ကြိုတင်စည်းကမ်းချက်လည်း မထားပါဘူး။ အဲဒီထဲမှာပဲ ခေါင်းဆောင် ၂ ဦး တိုက်ရိုက်တွေ့ဆုံရေး အတွက်လည်း ကြိုတင် စည်းကမ်းချက်လည်း မထားပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အထူး ကြေညာချက်များကို နိုင်ငံခြား သံရုံးတချို့နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံးများကို ပေးပို့ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။