လက်နက်ချ ရှမ်းအဖွဲ့ဝင်ဟောင်းများကို လိုက်လံရှာဖွေ

လက်နက်ချ ရှမ်းအဖွဲ့ဝင်ဟောင်းများကို လိုက်လံရှာဖွေ
by -
မျိုးကြီး
ရှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများကို ကွတ်ခိုင်အခြေစိုက် နအဖ စစ်ဗျူဟာလက်အောက်ခံ တပ်ရင်းများက ယခုအခါ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ၂၀၀၅ ခုနှစ် အတွင်းက မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် SSNA ခေါ် ရှမ်းပြည် အမျိုးသား တပ်မတော် ...

ရွှေလီ (မဇ္စျိမ) ။     ။ ရှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများကို ကွတ်ခိုင်အခြေစိုက် နအဖ စစ်ဗျူဟာလက်အောက်ခံ တပ်ရင်းများက ယခုအခါ လိုက်လံ ရှာဖွေလျှက် ရှိသည်။

၂၀၀၅ ခုနှစ် အတွင်းက မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သည့် SSNA ခေါ် ရှမ်းပြည် အမျိုးသား တပ်မတော်မှ အဖွဲ့ဝင်ဟောင်းများ နေထိုင်ရာ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ခိုမုန်း၊ နားရှီမူး၊ ခိုတိန်း၊ နမ့်အွန်၊ ကောင်းဝိန်း၊ တာလုံ စသည့် ကျေးရွာများတွင် စစ်တပ်က ရှာနေခြင်း ဖြစ်သည်။

စစ်သားများက ရှမ်းတပ်ဖွဲ့ဝင်ဟောင်းများကို မတွေ့သဖြင့် ဇနီးသည်များနှင့် ကလေးများကို ခေါ်ဆောင်သွားကြောင်း ၎င်းအဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

"အရင်တုန်းက ယောက်ျားတွေက SSNA အဖွဲ့ဝင်ဟောင်းတွေပဲ။ ပြုတ်ပြီးမှ နားထားတာ။ ဘာမှမလုပ်ဘူး၊ ကြာပြီ။ နာမည်ရှိထားတယ်ပေါ့။ ဒါပေမဲ့ သူတို့ယောက်ျား အိမ်မှာ မရှိဘူး။ မီးသွေး သွားဖုတ်တယ်၊ တောင်ပေါ်တက်ပြီးမှပဲ။ အဲဒါနဲ့ အမျိုးသမီးတွေပဲ ဖမ်းတယ်" ဟု သူက ပြောသည်။  

ယခုလ ၁၀ ရက်နေ့က ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများ ဓားပြတိုက်ခံရမှုအပြီး မူဆယ်မြို့နယ် ကောင်းဝိန်းကျေးရွာတွင် နေထိုင်သည့် SSNA အဖွဲ့ဝင်ဟောင်း ၂ ဦးကို စစ်တပ်က ဖမ်းခေါ်သွားသည်။ ထို့အပြင် ခင်ပွန်းသည်များကို မတွေ့သဖြင့် ဇနီးသည် ၅ ဦးနှင့် ကလေးတဦးကို ဖမ်းခဲ့သည်။  

"နမ့်အွန်ရွာက တယောက်ဆိုရင် သူ့အမျိုးသမီးအမရော၊ ယောက္ခမရော ပါသွားတယ်။ သူ့အိမ် သွားမွှေတာ သူ့အမျိုးသမီးက ဖမ်းတယ်ဆိုတာ ကြားတာနဲ့ ကလေးနဲ့ ချက်ချင်း ရှောင်လိုက်တာ။ နောက်ပြီး သူ့အမျိုးသမီး အမရော၊ ယောက္ခမရော ခိုမုန်းဘက်ကို ဆွဲခေါ်သွားတယ်၊ မဆီမဆိုင်" ဟု သူက ပြောသည်။

အဖမ်းခံကြရသည့် အမျိုးသမီးနှင့် ကလေးငယ်ကို ယမန်နေ့က ပြန်လွှတ်ပေးခဲ့သော်လည်း ၃ ရက်အတွင်း ယောက်ျားများ လာရောက် အဖမ်းခံရမည်ဟု ပြောဆိုခဲ့သည်။  

"လွတ်ခဲ့ပြီ။ မနေ့က လွတ်ခဲ့တယ်။ ၃ ရက်ကို ချိန်းတယ်တဲ့။ ယောက်ျားတွေကို သွားလဲခိုင်းတာပေါ့။ မလဲရင်တော့ ခင်ဗျားတို့ အမျိုးသမီးပဲ ထောင်ကျခံနိုင်မလား၊ အိမ်ပစ္စည်းပဲ အသိမ်းခံမလားဆို အိမ်ပစ္စည်းပဲ အသိမ်းခံမယ်ဆိုပြီး အဲဒါ ၃ ရက်ချိန်းတယ်။ ၃ ရက်ချိန်းဆို မနက်ဖြန် နောက်ဆုံးပေါ့" ဟု သူက ပြောသည်။