ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံတမန် တောမတ်စ် အိုဂျီ ကွင်တားနားက အင်းစိန်ထောင်ထဲမှ နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ယမန်နေ့က တွေ့ဆုံခွင့်ရခဲ့သည်။
တင်္နလာနေ့ ညနေ ၄ နာရီခွဲမှ စတင်ကာ အချိန် ၂ နာရီခွဲမျှ ကြာမြင့်သည့် တွေ့ဆုံမှုတွင် ကျောင်းသား၊ ရှေ့နေ၊၊ သီလရှင်နှင့် ပြည်သူ့လွှတ်တော် အမတ်များ ပါ၀င်သည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောသည်။
ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်ကိုကို၊ လူငယ်ရှေ့နေ ကိုညီညီထွေး၊ အန်အယ်ဒီ အမတ်များဖြစ်သည့် ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပု၊ သီလရှင် ဒေါ်ပုဏ္ဏမီ ခေါ် ဒေါ်မြညွန့်တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ လေ့လာနိုင်ရန် လွန်ခဲ့သည့် စနေနေ့ကတည်းက ခြောက်ရက်ကြာ ခရီးစဉ်ကို စတင်ခဲ့သည်။
သူက မြန်မာစစ်အစိုးရ အနေဖြင့် ပြည်သူပြည်သား အခွင့်အရေးများ ဆုံးရှုံးစေသည့် ဥပဒေများကို ပြန်ပြင်ပြီး နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် ချုပ်နှောင်ထားသူ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကို လွှတ်ပေးရန် အကြံပြုခဲ့သည်။
ထို့အပြင် စစ်တပ်ကိုလည်း လူ့အခွင့်အရေး လေးစားလိုက်နာရန် လေ့ကျင့်ပေးရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် ဖြစ်ပေါ်အောင် အပြောင်းအလဲလုပ်ရေးတို့ ပြောဆိုခဲ့သည်။
ယခုအကြိမ်သည် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ၏ ဒုတိယအကြိမ်ဖြစ်ပြီး သြဂုတ်လ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် လည်ပတ်ခဲ့သည်။
သူသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံထောင်သို့ သွားရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နအဖ နှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် - ဒီကေဘီအေ ခေါင်းဆောင်များနှင့် တွေ့ခဲ့သည်။
ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ သွားမည်ဟု သတင်းများ ထွက်နေသော်လည်း နေ့လည် ၁၂ နာရီခွဲခန့်အထိ ရန်ကုန်မြို့၌ပင် ရှိနေသေးသည်။
မစ္စတာ ကွင်တားနားအနေဖြင့် တွေ့ချင်သူအချို့ကို အာဏာပိုင်များထံ စာရင်းပေးပို့ မေတ္တာရပ်ခံထားသော်လည်း တွေ့ခွင့် ရ၊ မရ မသိနိုင်သေးကြောင်း ကုလပြန်ကြားရေးဌာန တာဝန်ခံက ဆိုသည်။
၁၅ ရက်နေ့မှ စတင်၍ ထောင်များသို့ လှည့်လည်စစ်ဆေးမှု မပြုခင် ထောင်အာဏာပိုင်များက အကျဉ်းခန်းများ သန့်ရှင်းခြင်း၊ သန့်ရှင်းသော ထောင်အဝတ်အစားများ ထုတ်ပေးခြင်း၊ ကောင်းမွန်သော အစားအသောက်များ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့သည််။
ကွင်တားနားနှင့် တွေ့ခွင့်ရသူများအကြောင်း
ကိုကျော်ကိုကို
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က လောင်စာဆီနှင့် ကုန်စျေးနှုန်း ကျဆင်းရေး လူထုဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် ဖြစ်ပွားနေစဉ် ပြန်ဖွဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - (ဗကသ) ၌ ပါ၀င်ဦးဆောင်ခဲ့သည်။
စက်တင်ဘာလူထုအုံကြွမှုတွင် ပါဝင်ခဲ့ပြီးနောက်၊ ရှောင်တိမ်းနေရာမှ ၂၀၀၈ ခု မတ်လ ၁၆ ရက်နေ့က နေအိမ်သို့ ပြန်ရောက်နေချိန်တွင် အဖမ်းခံခဲ့ရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မင်္ဂလာတောင်ညွန့် တရားရုံးတခုမှ သူ့ကို ဗီဒီယို အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ချခဲ့သည်။
လွှတ်တော်အမတ်များဖြစ်သည့် ဦးညီပု (ရခိုင်ပြည်နယ်၊ ဂွမြို့) နှင့် ဒေါက်တာ တင်မင်းထွဋ် (ဧရာဝတီတိုင်း၊ ပန်းတနော်မြို့)
၂၀၀၈ ခု ဇူလိုင်လအတွင်းက မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲအောင် ပိုမိုဆောင်ရွက်ရန် ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်တွန်းတောင်းဆိုစာ ရေးပို့ရာတွင် ပါ၀င်လက်မှတ် ရေးထိုးခဲ့သူများ ဖြစ်သည်။ အာဏာပိုင်များက သူတို့ကို နေအိမ်များ၌ သြဂုတ်လတွင် ဖမ်းဆီးခဲ့သည်။ သူတို့ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုက ယခုလ ၁၃ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ လျှပ်စစ်ဆက်သွယ်ရေး၊ စစ်အစိုးရ၏ အမျိုးသားညီလာခံလုပ်ငန်း ကာကွယ်စောင့်ရှောက်သည့် ပုဒ်မတို့ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့သည်။
ကိုညီညီထွေး
အကျဉ်းကျနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် လူငယ်ရှေ့နေတဦး ဖြစ်သည်။ အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို တရားသူကြီးက သူမှတဆင့် ပြင်ထိုင်ခိုင်းရာ တရားခွင်အတွင်း အမှုသည်များအနေဖြင့် စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသဖြင့် တရားစီရင်ရေးကို နှောင့်ယှက်သည်ဟုဆိုကာ ပုဒ်မ ၂၈၈ ဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချခဲ့သည်။
ဒေါ်ပုဏ္ဏမီ (ခ) ဒေါ်မြညွှန့်
အသက် ၈၃ နှစ်အရွယ် သီလရှင်တပါးဖြစ်ပြီး ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်ရှိ သစ္စာသရဖူ ကျောင်းတိုက်မှ ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ကာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါ၀င်ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးက သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။