အဓမ္မပြုကျင့်မှုနောက် မြန်မာများကို အဖမ်းအဆီး ပိုမိုလာ

အဓမ္မပြုကျင့်မှုနောက် မြန်မာများကို အဖမ်းအဆီး ပိုမိုလာ
by -
ဖနိဒါ
မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဆောက်လုပ်ရေး လုပ်ငန်းများသို့ ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များ လာရောက်ကာ အဖမ်းအဆီးများ လုပ်နေသည်။ ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သားနှစ်ဦးက ဖေဖော်ဝါရီ ရ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ် ...

ချင်းမိုင်(မဇ္ဈိမ) ။   ။ မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ဆောက်လုပ်ရေး လုပ်ငန်းများသို့ ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များ လာရောက်ကာ အဖမ်းအဆီးများ လုပ်နေသည်။       

ထိုင်းတက္ကသိုလ် ကျောင်းသူတဦးကို မြန်မာလုပ်သားနှစ်ဦးက ဖေဖော်ဝါရီ ရ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ထိုင်း ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက မြန်မာများ အစုအပြုံလိုက်နေထိုင်လေ့ရှိသည့် နေရာများတွင် ဖမ်းဆီးမှု ပိုလာခဲ့သည်။

"အဲဒီကျောင်းသူကို သတ်တဲ့သတင်း ကြားရတဲ့နောက်ပိုင်း ဆက်တိုက် ဖမ်းနေတာပဲ။ အခုဆို ၂ဝဝ ကျော်နေပြီ။ ဒီနေ့ဆို မြို့ထဲ တချို့နေရာတွေမှာ စာတွေ လိုက်ကပ်ထားတယ်လို့ ပြောတယ်။ မြန်မာပြည်သားတွေကို စားသောက်ဆိုင်တွေမှာ လက်ခံမထားဖို့၊ ပြီးတော့ အိမ်တွေမှာလည်း ခေါ်မထားဖို့၊ ပြောနေတဲ့ကြားက ဆက်ထားမယ်ဆိုရင် ခေါ်ထားတဲ့အိမ်ကို မီးလာရှို့မယ်လို့ ပြောတယ်" ဟု ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ စိုင်းခရိုဖက ပြောသည်။

အထူးသဖြင့် ဒွိုင်ဆကတ် Doi Saket ရှိ ကန်ဂျနုတ် Kanjanood အလုပ်သမားတန်းလျား အမှတ် ၂ နှင့် ၄၊ ဟွေးဆိုင်းနှင့် မေဂျိုး စသည့် နေရာများတွင် အဖမ်းအဆီး ထူထပ်နေသည်ဟု ဆိုသည်။   

အဓမ္မကျင့် လူသတ်မှုဖြင့် သင်္ကာမကင်းဖြစ်ကာ မြန်မာနို်င်ငံမှပြောင်းရွှေ့အလုပ်လုပ်သူ နှစ်ဦးအား ထိုင်းရဲက ဖမ်းဆီးထားသည်။  

အသက် ၂၂ နှစ်အရွယ် ထိုင်းကျောင်းသူအား မတရား ပြုကျင့်ပြီး သတ််ဖြတ်ပြီး၊ လက်ကိုင်ဖုန်းတလုံးနှင့် ငွေများ ရယူထွက်ပြေးသွားသည်ဟု ထိုင်းဘာသာဖြင့် ရေးသားသည့် ချင်းမိုင် သတင်း (Chiang Mai News) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ သူမသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ လေးမြို့နယ်မှ မဲဂျိုး - Mae Jo တက္ကသိုလ်တွင် စာရင်းကိုင် တတိယနှစ် တက်ရောက်နေသူ ဖြစ်သည်။    

ဖေဖော်ဝါရီ ၁ဝ ရက်နေ့က ဒေါသထွက်နေသော ချင်းမိုင်မြို့ပြင်ရှိ မဲဂျိုးတက္ကသိုလ် ကျောင်းသားများက မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဖြေရှင်းပေးရန်နှင့် ၎င်းတို့အား ချင်းမိုင်မှ နှင်ထုတ်ပေးရန် အုပ်ချုပ်ရေးမှုးထံ စာရေးသား တောင်းဆိုခဲ့သည်။  

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က ချင်းမိုင်မြို့ရှိ လက်လန်း lek Len ကျေးရွာတွင် နိုင်ငံခြားသားတဦးကို သတ်ဖြတ်ကာ ပစ္စည်းများ လုယူကြောင်းနှင့် ယခုလ ၃ ရက်နေ့ကလည်း ချင်းမိုင် chang Phouk တွင် ၈၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးအား သတ်ဖြတ်ပြီး လက်ဝတ်ရတနာများ လုယူသွားသော အမှုများနှင့်ပတ်သက်ပြီး တရားခံများမှာ မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည်ဟု စွပ်စွဲခံထားရသည်။