ချင်းမိုင် (မဇ္ဈိ)။ ။ ထူးထရေးဒင်းက မြန်မာပြည်မြောက်ဖျားတွင် ရှားပါးလိပ်ပြာ၊ သစ်ခွဥယျာဉ်နှင့် သားရဲတိရစ္ဆာန်များ ပါ၀င်မည့် သဘာဝဥယျာဉ် တည်ဆောက်ရန် စီစဉ်နေသည်။
ကချင်ပြည်နယ်၊ ပူတာအို၊ မူလာရှီးဒီးရွာအနီးတွင် ယခင်က Woodland ကုမ္ပဏီမှ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားသည့် ယခု အစီအစဉ်ကို ထူးထရေးဒင်းမှ ရယူလိုက်ခြင်းဖြစ်သည်။
"အနည်းဆုံး ဧက ၅၀၀ ကျော်မယ်။ ၂၀၁၀ မှာပြီးဖို့ မှန်းထားတယ်။ အခု တိုင်းတာတာတွေ လုပ်နေပြီ။ နောက် ၂ လလောက်နေရင် စနိုင်လိမ့်မယ်။ အဓိကကတော့ အဲဒီဒေသကို ကမ္ဘာလှည့်ခရီးသွား မြှင့်တင်ရေးအတွက် လုပ်တာပါ" ဟု စီမံကိန်းတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြသည်။
လိပ်ပြာဥယျာဉ်တွင် ပြည်တွင်းနှင့် အထူးသဖြင့် ကချင်ပြည်နယ်မှ ရှားပါးလိပ်ပြာမျိုးစိတ်ပေါင်း ၅၀ ကျော်နှင့် မျိုးကွဲပေါင်း ၁၅၀၀ ကျော်ပါ၀င်မည်ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ လိပ်ပြာနှင့် အင်းဆက်ဥယျာဉ်ကဲ့သို့ တည်ဆောက်မည်။
ထို့အတူ ရှားပါး သစ်ခွမျိုးများနှင့် မြန်မာ့သစ်ခွဥယျာဉ်အပြင် ရှားပါးတိရိစ္ဆာန်များဖြစ်သော သားမင်း၊ ပန်ဒါနီတို့ကို ပြသမည်ဖြစ်သည်။
ဥယျာဉ်အတွက် နိုင်ငံခြားသား ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှု ရှိ၊ မရှိကိုမူ ရှင်းပြရန် သူက ငြင်းဆိုသည်။
ကချင်ပြည်နယ် ပူတာအိုဒေသရှိ အဆင့်မြင့် ဧည့်ရိပ်သာတခုဖြစ်သော မလိခရိပ်သာကို Balloons Over Bagan ထံမှ ဦးတေဇပိုင်သော ထူးစီးပွားရေးလုပ်ငန်းစုက လွှဲပြောင်းယူခဲ့ပြီးဖြစ်သည်။
ဦးတေဇသည် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသော စစ်အစိုးရနှင့်ပူးပေါင်းကာ စီးပွားရှာနေသူဟုဆိုပြီး အမေရိကန်နို်င်ငံက စီးပွားရေးပိတ်ဆို့အရေးယူမှု ခံထားရသူဖြစ်သည်။ သူပိုင် ငွေကြေးများ ထိန်းချုပ်ခြင်းနှင့် အမေရိကန်နို်င်ငံတွင်း ၀င်ရောက်ခြင်း တားမြစ်ခံထားရသည်။
သဘာဝဥယျာဉ် တည်ဆောက်မည့်နေရာတွင် ထူးထရေးဒင်းပိုင် ဟိုတယ်လည်း ဆောက်လုပ်ဆဲဖြစ်သည်။
ရန်ကုန်မှ ခရီးသွားအေးဂျင့်တခုမှ အရောင်းမန်နေဂျာက "ဒီဟိုတယ် ပြီးသွားရင် ဟိုတယ်နဲ့တွဲပြီး ဒီဥယျာဉ်ကို လည်ပတ်ဖို့ ခရီးစဉ်တွေကို လုပ်မယ်။ အခုလည်း Malikha Lodge နဲ့ တွဲပြီး ခရီးစဉ်တွေ လုပ်နေတာ။ နောက်ပိုင်းမှာလည်း နှင်းလျှောစီးလိုမျိုးတွေအထိ လုပ်သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ကြားတယ်" ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင်လည်း Treasure အမည်ဖြင့် ခရီးသွားလုပ်ငန်း လုပ်ထားကာ အဆိုပါ ခရီးသွားလုပ်ငန်းမှ မလိခ ဟိုတယ်တွင် တည်းခိုခြင်းနှင့် ပူတာအိုဝန်းကျင် လည်ပတ်ခြင်း ခရီးစဉ်များကို ရောင်းချနေသည်။
"သူတို့ ရောင်းတဲ့ ခရီးစဉ်မှာ ခရီးစဉ်နဲ့ နေချင်တဲ့ နေ့အလိုက် တယောက်ကို ဒေါ်လာ ၁၅၀၀ အနည်းဆုံးနဲ့ ရှိတယ်" ဟု သူက ပြောသည်။
ပူတာအိုဒေသသည် ယခင်ကတည်းက ရှားပါးလိပ်ပြာမျိုးစိတ်များ အပါအဝင် ရှားပါးငှက်များ၊ သစ်ခွများကို လာရောက်လေ့လာလိုသူ ကမ္ဘာလှည့်ခရီးသွားများအပြင် တောတွင်းလမ်းလျှောက်ခရီးနှင့် ခြေလျင်တောင်တက် ခရီးများအတွက် စိတ်ဝင်စားမှု ရရှိရာ ဒေသတခုဖြစ်သည်။
Eco-tourism လုပ်ကိုင်နေသော ရန်ကုန်မှ ခရီးသွားလုပ်ငန်းတခု အဆိုအရ ယခုနှစ်အတွင်းတွင် ပူတာအို ဒေသသို့ သွားရောက်ရန် နိုင်ငံတကာမှ ခရီးစဉ် မှာယူထားသူ၊ သွားပြီးခဲ့သူများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလမှ လာမည့် ဧပြီလအထိ ဦးရေ ၄၀ နီးပါး ရှိသည်ဟု သိရသည်။
အခြား ခရီးသွားလုပ်ငန်းရှင်တဦးက "သူ့လေကြောင်းလိုင်းနဲ့၊ သူ့ဟိုတယ်နဲ့သူ ဆိုတော့၊ လုပ်ပိုင်ခွင့်တွေကလည်း အများကြီး ရထားတော့ သူကတော့ အကုန်လုံးကို လိုက်ယူနေတာပဲလေ။ ခရီးသွားလုပ်ငန်းဆိုတာက ကျနော်တို့ ပြောလေ့ရှိတာက မီးခိုးမထွက်တဲ့လုပ်ငန်း (Non smoking Industry) ဆိုတော့ အရင်းနည်းနည်းနဲ့ အမြတ်များများ ရတယ်။ နောက် ဒါက လုံးဝကြီး ပြတ်သွားတတ်တဲ့ လုပ်ငန်းမျိုး မဟုတ်တော့လေ" ဟု ဆိုသည်။
အဲပုဂံ လေကြောင်းလိုင်းကိုလည်း လုပ်ကိုင်နေသူ ဦးတေဇ၏ ဟိုတယ်လုပ်ငန်းများမှာ ခရီးသွားအထင်ကရ နေရာများဖြစ်သော ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ ပုပ္ပါး၊ ငပလီကမ်းခြေ စသည်တို့တွင် ရှိပြီးဖြစ်သည်။