နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း
by -
မြင့်မောင်
မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ...

နယူးဒေလီ (မဇ္စျိမ) ။     ။ မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်သည်။   

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အန်အယ်ဒီ အပါအဝင် တိုင်းရင်းသားပါတီ ရ ပါတီ၏ နှစ်ဆန်းတရက်နေ့ အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။  

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် လိုက်လံရှင်းပြနေခြင်း ဖြစ်သည်။  

"လူထုထဲမှာ ဒီအယူအဆကို နားလည်သွားအောင်၊ လူထုက သူ့ဘာသာသူ ဆောင်ရွက်လာနိုင်အောင် လုပ်ဖို့ ဖြစ်တယ်။ တိုင်းအနေနဲ့ ဗဟိုရဲ့ ၁/၂၀၀၉ ထုတ်ပြန်ကြေညာကို ထောက်ခံပါတယ်။ အဖွဲ့ချုပ် ထုတ်ပြန်ကြေညာချက်ကလည်း ပြည်သူလူရဲ့ သဘောထားကို တောင်းတဲ့ သဘောထား ရှိတယ်" ဟု မန္တလေးတိုင်း အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပါတီတာဝန်ရှိသူများ၏ ယခုလို လှုပ်ရှားမှုမှာ စတင်ကာစ ဖြစ်နေသေးသလို အကျယ်အပြန့် မဟုတ်သေးဘဲ၊ သိုသိပ်စွာ ပြုလုပ်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"ဒီနေ့ဖြစ်နေတာက ပြည်သူလူထုက နိုင်ငံရေစိတ်ဓာတ် နိုးကြားသော်လည်း သူတို့ဆန္ဒကို ဖော်ထုတ်ပြနိုင်ဖို့ အခွင့်အလမ်း အားနည်းနေတယ်။ အဲဒီတချက်ကို ကျနော်တို့ အဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလေး သူ့အလိုလို ပေါ်ပေါက်လာနိုင်အောင် လမ်းကြောင်းပေးတဲ့ ဆောင်ရွက်ချက်လို့ ကျနော် မြင်တယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုက တပါတည်း လိုက်ပါဆောင်ရွက်သင့်တယ်လို့ ယုံကြည်ပါတယ်" ဟု သူက ဆက်ပြောသည်။

ပါတီ ရ ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံသည့်အနေဖြင့် မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူရှိ မြန်မာရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲက ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။   

ထို့အပြင် မကွေးတိုင်း အန်အယ်ဒီ လူငယ်တချို့ကလည်း ရေမီးပြဿနာ ပြေလည်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွ၊ ရေနံချောင်းနှင့် ချောက်မြို့နယ်အတွင်း လက်မှတ်ထိုးသည့် ကန်ပိန်း ပြုလုပ်နေကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ် မလုံလောက်မှုနဲ့ သောက်သုံးရေ မလုံလောက်မှုတွေကို ဖော်ထုတ်ပြီး မိမိတို့ရဲ့ ပြည်သူတွေ ခံစားနေရတဲ့ ရေမီးကိစ္စတွေ လုပ်ဆောင်ပေးဖို့ Signature (လက်မှတ်ရေးထိုး) အတွက် Campaign (လှုပ်ရှားမှု) တွေ လုပ်နေတယ်" ဟု ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဋ္ဌေးက ပြောသည်။   

မြို့ပေါ်တွင် မြူနီစပယ်ဌာန အနေဖြင့် ရှေးခေတ်က ပိုက်ဟောင်းများကိုသာ ဆက်သုံးနေသဖြင့် ရေတက်နိုင်ခြင်း မရှိဘဲ သောက်ရေသုံးရေအတွက် အခက်အခဲရှိကြောင်းနှင့် ယခင်က သုံးရက်ခြားတခါ ရေလာသော်လည်း ယခုနောက်ပိုင်း ၁၀ ရက်ခြားတခါသာ ရေပေးဝေနိုင်တော့ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စက်ရေတွင်းများ ထားရှိကြသော်လည်း မီးမှာလည်း ပုံမှန် လာလေ့မရှိသဖြင့် ရေတင်ရန်ပင် အခက်အခဲရှိနေကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။  

ပြီးခဲ့လအတွင်းက မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ရွာလုံးကျွတ် မီးလောင်ခဲ့ရသလို၊ လွန်ခဲ့သည့် ၃ ရက်ခန့်လည်း ဖိုးကိုးအမည်ရ ကျေးရွာတွင် မီးလောင်ရာ မီးသတ်ကားအနေဖြင့် ရေရှားသဖြင့် မီးသတ်ရန် အခက်တွေ့ရသည်ဟု သူက ဆိုသည်။

"ကျမတို့ဆီမှာ သုံးတဲ့ အသုံးအနှုန်းတွေက ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှား၊ မလေးရှားဆိုတာ ရှိသလို၊ မြန်မာနိုင်ငံရဲ့ နာမည်က ရေမီးရှားလို့ ခေါ်နေတာတွေ ရှိတယ်" ဟု သူက ပြောသည်။