ပြည်ထောင်စု စိတ်ဓာတ်အတွက် တန်းတူအခွင့်အရေး လိုအပ်ဟု အီးအန်စီ ပြောကြား

ပြည်ထောင်စု စိတ်ဓာတ်အတွက် တန်းတူအခွင့်အရေး လိုအပ်ဟု အီးအန်စီ ပြောကြား
by -
ဆလိုင်းပီပီ
ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရမှာ မှေးမှိန်သွားပြီဟု မြန်မာတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားလိုက်ပြီး၊  ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၍ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပြန်ထူထောင်နိုင်မည့် တိုင်းရင်းသား အခွင့်အရေး အာမခံချက်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်း ...

နယူးဒေလီ (မဇ္ဈိမ)။     ။ ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရမှာ မှေးမှိန်သွားပြီဟု မြန်မာတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားလိုက်ပြီး၊  ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၍ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပြန်ထူထောင်နိုင်မည့် တိုင်းရင်းသား အခွင့်အရေး အာမခံချက်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။  

ဖွဲ့စည်းပုံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲ၍ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည် ရှင်သန်စေမည်ဟု ပြည်ပရောက် တိုင်းရင်းသား လူမျိုးများကောင်စီ - ENC က ပြောဆိုလိုက်ခြင်း ဖြစ်သည်။  

"တကယ်လို့ စစ်အစိုးရက ညီညွတ်ရေးကို အမှန်တကယ် မြင်တွေ့လိုရင် သူတို့ တဖက်သတ် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရမှာပါ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးအတွက်လည်း အာမခံရမှာပါ။ စစ်အစိုးရအနေနဲ့ NLD ၊ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း ခေါ်ယူရမှာ ဖြစ်တယ်" ဟု ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျံမုန်းဇာခေါင်းက ပြောသည်။

သို့သော် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပနိုင်ရန် "အရင်ဆုံး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်တယ်" ဟုလည်း သူက ပြောသည်။  

သူ၏ ပြောကြားချက်သည် အင်္ဂါနေ့က စစ်အစိုးရ ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ၌ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာ ပါလာအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။  

သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်နိုင်ရန် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သည့်နေ့ ဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည် ဖြစ်စေ၊ တိုင်းရင်းသားလူမျိုး အားလုံးအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။  

"ပြည်ထောင်စု စိတ်ဓာတ်သည်သာ စစ်မှန်သည့် မျိုးချစ်စိတ်ဖြစ်ပြီး တိုင်းရင်းသား အားလုံးကို အစဉ်အမြဲ အကာအကွယ်ပေး စောင့်ရှောက်နိုင်လိမ့်မည်" ဟု စစ်ခေါင်းဆောင်၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းစာက ဖော်ပြသည်။  

သို့သော် တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူအခွင့်အရေး မရှိဘဲနှင့် ပြည်ထောင်စု စိတ်ဓာတ် မရှိနိုင်ကြောင်း ဒေါက်တာ ဇာခေါင်းက ပြောသည်။ "အပြောနဲ့မရဘူး၊ လက်တွေ့လုပ်ဖို့ လိုတယ်" ဟု သူက ပြောသည်။  

ထိုအတောအတွင်း ဝါရင့် ရခိုင် နိုင်ငံရေးသမားဖြစ်သော ဦးအေးသာအောင်ကလည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သဖြင့် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု အားလုံးအကြား ညီညွတ်ရေးရရန် ဆိုသည်မှာ မဖြစ်နိုင်သည့် အိပ်မက်တခုသာ ဖြစ်ကြောင်း ပြောသည်။  

"ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာ မပါလို့ ညီညွတ်ရေးကိုလည်း ဦးတည်မှာ မဟုတ်ဘူး" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ ဤအဖွဲ့ကို ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီများဖြင့် ဖွဲ့စည်းထားသည်။  

"သူတို့ (စစ်အစိုးရ) သာ တကယ်တမ်း ညီညွတ်ရေးကို တည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်း ရေးဆွဲထားရမယ်" ဟု ဦးအေးသာအောင်က ဖြည့်စွက် ပြောဆိုသွားခဲ့သည်။  

တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များက တင်ပြသည့် တန်းတူညီမျှခွင့်များကို အမျိုးသားညီလာခံတွင် စစ်အစိုးရက လက်မခံငြင်းဆန်ခဲ့ပြီး တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးကို အသိအမှတ် ပြုလိုစိတ် မရှိခြင်းကို သက်သေပြခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။  

မြန်မာနိုင်ငံသည် ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ ယင်းနေ့သည် ဗို်လ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရှမ်းပြည်နယ် ပင်လုံမြ့ုိတွင် တွေ့ဆုံကာ  ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်နိုင်ရန် သမိုင်းဝင် “ပင်လုံစာချုပ်” ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည် နေ့ ဖြစ်သည်။  

သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် အခြား သူ၏ လုပ်ဖော်ကိုင်ဖက် ၈ ဦးနှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အင်္ဂလိပ် ကိုလိုနီ အုပ်စိုးသူများထံမှ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရရှိခဲ့သည်။  

သို့သော် တလအကြာတွင် တိုင်းရင်းသား ကရင်လူမျိုးများက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် ပုန်ကန်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အန္တရာယ်နှင့် ကြံုခဲ့ရသည်။  

တိုင်းရင်းသား လူမျိုးစုများ၏ ဖက်ဒရယ်နိုင်ငံ ထူထောင်ရန် မျှော်မှန်းချက်မှာ ၁၉၆၂ ခုနှစ်တွင် နောက်တကြိမ် ချေမွဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းက စစ်အာဏာသိမ်း၍ အာဏာရယူခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ရေးဆွဲခဲ့သည်။ ဤဖွဲ့စည်းပုံသစ်သည် တပြည်ထောင် ဖွဲ့စည်းပုံစနစ် ဖြစ်ပြီး၊ ပါတီစုံ တည်ရှိခွင့်ကိုလည်း ငြင်းပယ်ထားကာ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (BSPP) တခုတည်း တည်ရှိရေးကိုသာ ခွင့်ပြုထားသည်။  

"တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မပါတဲ့ အတင်းအကျပ် ရယူထားတဲ့ ညီညွတ်ရေးမျိုး ကျနော်တို့ မလိုချင်ပါဘူး" ဟု ဒေါက်တာဇာခေါင်က ပြောသည်။