ချင်းမိုင် ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန် ဗဟိုရုံးချုပ်နှင့် မန္တလေးတို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပသွားမည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ဗဟိုရုံးချုပ်နှင့် မန္တလေးတိုင်း ယာယီ အဖွဲ့ချုပ်ရုံး ဖြစ်သော - ၂၈ လမ်းမ၊ ရ၆-၇၇ လမ်းကြားရှိ ဦးမောင်မောင်သန်း၏ နေအိမ်တွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည် ။
"ပြည်ထောင်စုနေ့မှာ ပင်လုံစိတ်ဓါတ်တွေကို မမေ့အောင်ပေါ့" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ဗဟိုရုံးချုပ်၌ ကျင်းပမည့် အခမ်းအနားသို့ ၀ါရင့် နိုင်ငံရေးသမားကြီးများ အပါအဝင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ရန်ကုန်အခြေစိုက် သံတမန်များကိုလည်း ဖိတ်ကြားထားသည်။
မန္တလေးမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် အာဏာပိုင်များထံမှ ယမန်နေ့က ခွင့်ပြုချက် ရရှိခဲ့ကြောင်း မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ကိုမျိုးနိုင် က မဇ္ဈိမကို ပြောပြသည် ။
"ခွင့်ပြုမိန့်တောင်းတဲ့ အထဲမှာ ကျနော်တို့ ရေးထားတာက ဗိုလ်ချုပ် ကြိုးစားခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောပါပဲ။ ကျနော်တို့ ပြည်ထောင်စုနေ့ ကျင်းပတယ် ဆိုတာ လက်ရှိ နိုင်ငံရေး အခြေအနေဟာ လူအားလုံးက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သင့်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်သင့်တယ် ဆိုတဲ့ဟာ အဲဒီလိုင်းကိုပဲ တင်ထားတယ် အဲဒီအတိုင်းပဲ သွားမှာပါ" ဟု ကိုမျိုးနိုင်က ပြောသည် ။
သို့သော် အခမ်းအနားကို လူ (၅၀) ထက်မပိုဘဲ ခွင့်ပြုချက် တောင်းထားသည့် အဆောက်အဦ၌သာ ကျင်းပရန်၊ အသံချဲ့စက် အသုံးမပြုရန် အာဏာပိုင်များက မှာကြားခဲ့သည်။
အခမ်းအနားသို့ မန္တလေးမြို့ပေါ်နှင့် မန္တလေးတိုင်းအတွင်းမှ ပုသိမ်ကြီး ၊ မတ္တရာ ၊ အမရပူရ ၊ တံတားဦး အပါ၀င် (၈) မြို့နယ်မှ အန်အယ်ဒီ ကိုယ်စားလှယ်များ လာရောက်မည်ဟု သိရသည်။
ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား တန်းတူရည်တူ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သမိုင်းဝင် သဘောတူညီမှု ရခဲ့သော အထိမ်းအမှတ်နေ့ ဖြစ်သည်။