ချင်းမိုင် (မဇ္စျိမ) ။ ။ လက်နက်မှောင်ခိုသမား ၃ ဦးအား သေနတ် ၁၈ လက်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရပ်ကွက်များအရ သိရသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က တာချီလိတ်မှ ကျိုင်းတုံသို့အထွက် မယ်ရမ်းဂိတ်တွင် စိုင်းဝင်းမင်းနှင့် အောင်အောင် ဆိုသူတို့အား အမ်-၁၆ ကျည်ဆံများနှင့်အတူ မြန်မာရဲများက ဖမ်းမိစစ်ဆေးခဲ့ရာမှ တာချီလိတ်ရှိ အမြောက်တပ်အနီး၌ အမ်-၁၆ (၁၁) လက်နှင့် ပွိုင့်-၂၂ နှစ်လက်ပါ ဆက်လက်ရှာဖွေတွေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ်တွင်နေသူ ဒေသခံတဦးက ပြောသည်။
စစ်ဆေးတွေ့ရှိချက်များအရ နှစ်နိုင်ငံ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့များ ပူးပေါင်းရှာဖွေရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါရမ်း ရပ်ကွက်တွင်းမှ အိမ်တအိမ်တွင် စိုင်းအောင်ထွေး ဆိုသူထံမှ အမ်-၁၆ ကျည်ဆံ တသောင်းကျော်အား ဖေဖော်ဝါရီ ၄ ရက်နေ့က ထပ်မံဖမ်းမိကြောင်း မယ်ဆိုင်မြို့မှ ဒေခံက ပြောသည်။
စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တာချီလိတ်မြို့ခံတဦးကမူ အဆိုပါလက်နက်များ ဖမ်းဆီးရမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ် ပါဝင် ပတ်သက်နေသောကြောင့် သတင်း တင်းကျပ်ထားသည်ဟု ဆိုသည်။
"စမိတာတော့ ဘယ်မှာလဲ မသိဘူး။ အဲဒီ အစွယ်အပွား အရပ်သားတွေကိုတော့ အခုလ ၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဆွဲတာ၊ ၅ ယောက် မိတယ်ဗျာ။ တယောက် ထွက်ပြေးသွားတယ်။ တပ်က ဗိုလ်တယောက် ပါနေတယ်။ သူ့ကိုကျတော့ အခု ခမရ ၃၃၁ အချုပ်ထဲမှာ ထည့်ထား တယ်လို့ ကြားတယ်။ အဲဒီကိစ္စနဲ့ တြိဂံတိုင်းမှူးလည်း လာသွားတယ်'' ဟု သူက ပြောသည်။
အဆိုပါ လက်နက်များသည် မိုင်းကိုး၊ မိုင်းဖြတ် ဒေသအခြေပြု လှုပ်ရှားနေသော မူးယစ်ဂိုဏ်းတခုထံမှ မူးယစ်ဆေးများနှင့် လဲလှယ် ရန်ဖြစ်နိုင်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများက သံသယရှိနေသည်။