ကေအိုင်အို ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ ကျင်းပ

ကေအိုင်အို ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ ကျင်းပ
by -
ဖနိဒါ
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့၌ ကျင်းပနေ ...

ချင်းမိုင်(မဇ္ဈိမ)။   ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့၌ ကျင်းပနေသည်။

ယခုလ ၅ ရက်နေ့တွင် ကျရောက်မည့် ကေအိုင်အို တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို ယနေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပနေခြင်း ဖြစ်သည်။  

"ဖွင့်ပွဲကို ဒီမနက် ရ နာရီမှာ ဘာသာပေါင်းစုံက ဆရာတွေနဲ့ ဖွင့်ပွဲလုပ်တယ်။ မနောပွဲ နာမည်က Ning Gawng Hkri dik Manau တိုင်းရင်းသားအားလုံး အောင်မြင်မှုရဖို့ ကတဲ့ မနောပွဲပဲ။ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ စိတ်ထဲမှာတော့ ထူးထူးခြားခြားပွဲ ဖြစ်တယ်။ စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး လုပ်တယ်" ဟု လက်နက်ကိုင်တပ်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) မှ ဗိုလ်မှူးကြီးတဦးက မဇ္စျိမကို ပြောသည်။

"ကျနော်တို့က ဘယ်လူမျိုးမှ မခွဲခြားဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ ဘယ်သူတွေ တက်ရောက်လာမယ်ဆိုတာ မသိသေးဘူး" ဟု သူက ဆက်ပြောသည်။

မနက်ဖြန် နံနက် ၈ နာရီတွင် ကေအိုင်အေ ရဲဘော်မောင်မယ် ၂၀၀၀ ခန့်က စစ်ရေးပြအခမ်းအနားဖြင့် စတင်မည်။

ကချင်မျိုးနွယ်စုများဖြစ်သည့် ကချင်၊ လောင်ဝေါ်၊ လရှစ်၊ ဇီး၊ လီဆူ၊ ရဝမ်တို့က  ပွဲတော်တွင် ပါ၀င်ဆင်နွှဲသွားမည် ဖြစ်ကြောင်းနှင့် ၅ ရက်နေ့တွင်မူ ကေအိုင်အို၏ ၄၈ နှစ်မြောက် တော်လှန်ရေးနေ့တွင် ဗိုလ်မှူးကြီး ဇောင်းခါး တော်လှန်ရေးနေ့ မိန့်ခွန်း ပြောကြားမည်ဟု သိရသည်။ ဗုဒ္ဓဘာသာ ရှမ်းသံဃာတော် အပါး ၅ဝ ခန့်လည်း ယခုအခါ ပွဲတော်သို့ တက်ရောက်လာသည်။

မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့မှ တိုင်းရင်းသားလူမျိုးများ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကချင်ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်နယ်တွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံအား ဖိတ်ထားသည်။

ထို့အပြင် ကချင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် (NDAK)၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) ၊ ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ပလောင် ပြည်သူ့လွတ်မြောက်ရေး ပါတီ (PLP)၊ ရှမ်းပြည်တပ်မတော်(SSA-N)၊ မွန်ပြည်သစ်ပါတီ(NMSP) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ပြောသည်။

၁၉၉၄ ခုနှစ် မတိုင်မီက ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာဒေသတွင်သာ ကျင်းပနိုင်ခဲ့ရာမှ တနှစ်ထက်တနှစ် ပိုမို၍ ယခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်သည့်အပေါ် ဂုဏ်ယူမိကြောင်း ကေအိုင်အေ အရာရှိတဦးက ပြောသည်။

ကချင်တော်လှန်ရေးနေ့သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေး ရရေးအတွက် ကချင်ကျောင်းသား ဇော်တူးနှင့် ဇော်ဆိုင်း ဦးဆောင်သည့် လက်နက်ကိုင် တော်လှန်ရေး စတင်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။