ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်

ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်
by -
ဖနိဒါ
နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို  ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။ အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီး ...

ချင်းမိုင်(မဇ္ဈိမ)။     ။ နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို  ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။

အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီးကာ ရန်ကုန်အခြေစိုက် အဆိုပါဂျာနယ်တွင် 'NLD တတ်သိအုပ်စုဝင် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဘလော့ဂ်ဂါ အောင်ထက်၏ ရှုမြင်ချက်' ဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီတွင်း တကိုယ်တော် ဆုံးဖြတ်ပြုမူသည့်ဟန် ပါရှိသည်။

"ဘလော့ဂ်ဂါတွေ ရေးကြတယ်လေ။ ဟုတ်တာရော၊ မဟုတ်ရော ရေးသားလာကြတယ်။ ဒါက ဆန္ဒတခု အနေနဲ့ ပါလာတယ်။ အန်ကယ်တို့က သူ့ကို မရည်ရွယ်ပါဘူး။ လက်ရှိ အခြေအနေနဲ့  အရင်ဖြစ်ခဲ့တာကို ဖော်ပြတာပါ။ မီဒီယာသမားတွေရဲ့ ခံစားချက်က လူထုအပေါ် ရိုက်ခတ်တယ်'' ဟု အယ်ဒီတာချုပ် ဦးသီဟအောင်က မဇ္ဈိမကို ပြောသည်။

'ဒေါ်စုကို ဝေဖန်ရင် တန်ပြန်တော်လှန်ရေး တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူမှ ပါးစပ်မဟရဲဘူး' ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

ထို့အပြင် 'တတ်သိမှာ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ မောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသင်္ဂီတို့ အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက်ထိုင်တာတွေဟာ ဒီအကြောင်းတွေကြောင့်ပါပဲ' ဟု ဆိုထားသည်။  

သတင်းစာဆရာကြီးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန် ရေးသားချက်အပေါ် ပယ်ချလိုက်သည်။

"ဒေါ်စုဟာ အာဏာရှင်သဘောမျိုး ဖြစ်တယ်ဆိုရင် ဘာဖြစ်လို့ ဒီနေ့ သူ့နောက်မှာ လူတွေက အပြည့်အဝ ရှိနေလဲ။ သူက အာဏာရှိတာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် သူ့နောက်မှာ အလုံးအခဲတွေ ရှိနေတာပေါ့" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်များအား အစိုးရအာဘော် သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတွင် ရေးသားဖော်ပြခဲ့သလို ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များတွင် မထဲ့မနေရ ဖော်ပြခိုင်းသည်များ ရှိခဲ့သည်။

ဦးသီဟအောင်က ''ရည်ရွယ်တာက တတ်သိပညာရှင်တွေရဲ့ အယူအဆတွေ ပြောင်းလဲလာတာကို မီးမောင်းထိုး ဖော်ပြချင်တာပါ၊ တတ်သိပညာရှင်ဆိုတာက အခု ဒီမှာ စာရေးသားတဲ့ ဆရာတွေပေါ့နော်" ဟု ပြောသည်။

အန်အယ်ဒီ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော စာရေးဆရာ မောင်စူးစမ်းနှင့် ဆရာမောင်ဝံသလည်း ဂျာနယ်တွင် ပါ၀င် ရေးသားကြသည်။

ယနေ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ခံစားချက်၊ အရေးအခင်း ကာလက ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအုပ်စု အမျိုးမျိုး၊ အမေရိကန် သမတသစ် အိုဘားမား၏ ကာကွယ်ရေးမူဝါဒ၊  ဘယ်ကိုဦးတည်မှာလဲ အမေရိကန်ဆိုသည့် ဆောင်းပါးများ ဖော်ပြပါရှိသည်။

ယနေ့ထုတ် ဥတ္တရအလင်းဂျာနယ်ကို ပြည်ပ သတင်းဝဘ်ဆိုဒ်များမှတဆင့် ကြားသိ၍ သတင်းသမားများကသာ စိတ်ဝင်စားသော်လည်း ပြည်တွင်းရှိ လူထုက လက်ရှိတွင် ဆက်စပ်မှု မရှိသဖြင့် စိတ်ဝင်စားမှု နည်းနိုင်သေးသည်ဟု ဂျာနယ် အယ်ဒီတာချုပ်က ဆိုသည်။

ဦးသီဟအောင်သည် မြန်မာစစ်တပ်တွင် ဗိုလ်မှူးအဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူးတာဝန်များယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

စာမျက်နှာပေါင်း ၂၀ ရှိ Northern Star ခေါ် ဥတ္တရအလင်းဂျာနယ်အား စောင်ရေ ၃၀၀၀ ဖြင့် စတင်ထုတ်ဝေကာ၊ တစောင်လျှင် ၅ဝဝ ကျပ်ဖြင့် ရောင်းချခဲ့သည်။