တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား

တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား
by -
ဇာနည်
မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြားသွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြားလာနေကာ စစ်သားစုဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြားသွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ထိုသို့ အင်အား ကျဆင်းလာသော တပ်ကို အားဖြည့်ရန်အတွက် တပ်သားသစ်များ စုဆောင်းရေးကို မဖြစ်မနေ၊ မရမက အကောင်အထည် ဖော်ရမည်ကို ခေါင်းဆောင်တိုင်း၏ အဓိကအဖြစ် ခံယူထားရမည်ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ကို နို်င်ငံခြား စစ်တပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုုက်နိုင်သော တပ်ဖြစ်ရန် တည်ဆောက်သွားလိုသော စစ်အစိုးရ၏ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။

"တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းလာရာမှ အရည်အသွေးများ ကျဆင်းလာသည်။ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန်လိုသည်" ဟု မှတ်တမ်းတွင် ပါရှိသည်။

အစဉ်အလာအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တပ်မတော်သည် စည်းကမ်းသေဝပ်ပြီး ခေတ်မီသော တပ်ဖြစ်ကြောင်း ထိန်းချုပ်ထားသော မီဒီယာများမှတဆင့် တိုင်းပြည်သို့ ပြောကြားလေ့ ရှိသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက စစ်အစိုးရအနေဖြင့် လက်ရှိ တပ်သားအင်အား ၄ သိန်းကျော် ရှိနေသော တပ်ကို အင်အား ၅ သိန်းအထိ တိုးမြှင့်လိုဖွယ် ရှိနေကြောင်းနှင့် အရမ်းကာရော လူသစ် စုဆောင်းနေမှုများ ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာ ၆ သောင်းကျော်မှ တရွာလျှင် တဦးကျ တပ်သား စုဆောင်းရေးကို လုပ်ဆောင်ရန် စစ်အစိုးရမှ ၂၀၀၆ ခုနှစ်ကတည်းက စီမံချက်ချထားသည်ဟု သူက ပြောသည်။

"သူတို့က တရွာကို တယောက်နှုန်းဆိုရင် တနှစ်အတွင်း တခေါက်ပဲ လိုက်ကောက်အုံးတော့ တပ်သား အနည်းဆုံးတော့ ၆ သောင်းရမယ်ပေါ့။ သူတို့ ဒီလို စီမံကိန်းချထားပြီး လုပ်တာရှိတယ်။ ဒီမှာတင် အောက်ပိုင်း အဆင့်အဆင့်က လူရပြီးရော လုပ်တာတွေ ဖြစ်လာတယ်" ဟု နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကို အကဲခတ် စောင့်ကြည့်လေ့လာနေခဲ့သူ ဦးအောင်ကျော်ဇောက ပြောသည်။