ချင်းမိုင်(မဇ္ဈိမ) ။ ။ ဆင်ဆာဖြတ်တောက်မှုဆိုးရွားလှသည့် မြန်မာပြည်တွင် နိုင်ငံရေးအကြောင်းအရာများ ဖော်ပြမည်ဆိုသော ဂျာနယ်တခုကို လာမည့် ကြာသာပတေးနေ့တွင် ထုတ်ဝေသွားမည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအမှီ နို်င်ငံရေးအမြင်၊ သုံးသပ်ချက်နှင့် ဆောင်းပါးများ အဓိက ဖော်ပြမည်ဆိုသော Northern Star ဥတ္တရအလင်းဂျာနယ်ကို စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာ ဒုတိယအယ်ဒီတာချုပ်ဟောင်း ဦးသီဟအောင်က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူမှာဖြစ်သည်။
"မြန်မာနိုင်ငံ ဒီမိုကရေစီကို သွားနေတယ်လေ။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလမှာ သတင်းစာဆရာ၊ စာရေး ဆရာတွေ ရေးသားခဲ့တဲ့ အမှတ်ရစရာလေးတွေ၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ဟာတွေ ပြန်ရီဗျူးလုပ်ပြီးတော့၊ နောက်ပိုင်း ပါတီတွေ ဖွဲ့တော့မယ်။ စည်းရုံးရေးတွေ လုပ်တော့မယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ အတိတ်ကို နည်းနည်းပြန်တည်ပြီး လမ်းမှန်ပေါ့နော်။ အန်ကယ်တို့ မြင်တဲ့ ပုံစံအတိုင်း သွားသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ထုတ်ဝေမှာပါ"ဟု ဦးသီဟအောင်က ပြောသည်။
"၈၈ကနေ ၂၀၀၈ထိ နှစ်ပေါင်း ၂၀ထိ ဖြတ်သန်းခဲ့ရပြီလေ။ တိုင်းပြည်တွင်းမှာ ပြည်သူတွေက သိတာလည်း ရှိတယ်၊ မသိတာတွေလည်း ရှိတယ်။ တချို့က သိပေမယ့် မေ့သွားတာတွေရှိတယ်။ သမိုင်းထဲမှာ မှတ်တိုင်တွေ ဆိုတာ ရှိတယ်လေ။ အဲဒီအရေးကြီးတဲ့ ကာလတွေကို ပြည်သူလူထုက ပြန်လည် သိရှိ၊ မှတ်မိပြီးတော့ ခုဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ လေ့လာသုံးသပ်နိုင်အောင် တင်ပြမှာပါ"ဟု သူက ဆက်ပြောသည်။
ပထမဆုံးထွက်ရှိမည့် စာစောင်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် စာနယ်ဇင်းသမားများ၏ အခန်းဏ္ဍ၊ မောင်ဝံသ၊ မောင်စူးစမ်း၊ ကျော်ဝင်းတို့၏ ဆောင်းပါးများ ပါ၀င်မည်ဟု သိရသည်။
"အဓိက ရည်ရွယ်ချက်ကတော့ အခုအများအားဖြင့် အန်ကယ်တို့မှာ အားနည်းနေတာက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ အပြည့်အဝ ပေးတဲ့ ဂျာနယ်မရှိဘူး။ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်ကြတာလေ။ ၂၀၀၉- ၂၀၁၀က ဒီအချိန်မှာ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အသိပညာ၊ အတွေ့အကြံုတွေ၊ အယူအဆတွေ ချပြဖို့ ဆိုတာ နည်းနည်းနဲ့ ချပြဖို့ ဆိုတာ မလွယ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တာ တော်များများပါပြီးတော့ ပြည်သူလူထု စဉ်းစားလာနိုင်အောင် သမာသမတ် ကျကျနဲ့ ချပြမယ်။ တိုင်းပြည်ကောင်းစေချင်လို့ပါပဲ။ ဒီတခုပါပဲ"ဟု ဦးသီဟအောင်က ပြောသည်။
သို့သော် စာပေကင်ပေတိုင်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်အစိုးရ၏ ဆင်ဆာဘုတ်အောက်မှာ ပေးဖြတ်ခွင့် မရှိသလောက် နည်းပါးလှသော နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည့်နှင့် သူမ၏ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနှင့် ခေါင်းဆောင်အများအပြား ထောင်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကိုမူ အကြောင်းတစုံတရာ တိုက်ဆိုင်မှသာလျှင် ရေးသားဖော်ပြဖြစ်ပါလိမ့်မည်ဟု သူက ပြောသည်။
ဦးသီဟအောင်သည် ဗိုလ်မှူးအဖြစ် ၁၉၇၂ခုနှစ်မှ ၁၉၉၁ခုနှစ် တပ်မတော် တာဝန်ထမ်းဆာင်ခဲ့သူဖြစ်သည်။ ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူး တာဝန်များယူခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
သတင်းစာဆရာဘဝမှ နိုင်ငံရေးထဲ ၀င်ရောက်လာခဲ့ပြီး ဆိုးရွားလှသော စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် နှစ် ၂၀ ခန့်နေခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူက "ကောင်းပါတယ်၊ ခုလို ထုတ်ဝေမယ်ဆိုရင် ဘာပဲ ထုတ်ထုတ်၊ အမှန်တရားကို အခြေခံထားဖို့ ရေးသားကြဖို့ သတင်းစာ ကျင့်ဝတ် သိက္ခာနဲ့အညီ တည်းဖြတ်ဖို၊့ ဖော်ပြဖို့ပါပဲ။" က မဇ္ဈိမသို့ ပြောသည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ ၂၀၀၈ခုနှစ် အောက်တိုဘာလတွင်း ဂျာနယ် ၆စောင်နှင့် မင်္ဂဇင်း ၆စောင်တို့အား ထုတ်ဝေခွင့် ချပေးခဲ့သည်။ ထုတ်ဝေခွင့်မှတ်ပုံတင်ထားသည့် အပတ်စဉ် ဂျာနယ်သည် အနည်းဆုံး ၁၃၀ ထက်ရှိသည်။
ပြည်တွင်း အယ်ဒီတာတဦးကမူ ဆင်ဆာဖြတ်တောက်မှု ပိုမိုဆိုးရွားလာသော လက်ရှိအခြေအနေတွင် နို်င်ငံရေးအကြောင်းဆိုလျှင် ပြည်ပနိုင်ငံရေးသာ ပိုမိုရေးခွင့်ရပြီး ပြည်တွင်းနို်င်ငံရေးအတွက်မူ အကန့်အသတ်များလွန်းလှ၍ သိပ်မျှော်လင့်မထားဟု ဆိုသည်။
စာမျက်နှာပေါင်း၂၀ ရှိ Northern Star ဂျာနယ်အား ယခုတပတ် ကြာသာပတေးနေ့တွင် စောင်ရေ ၃ထောင် အနည်းဆုံး ဖြန့်ချီမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် တစောင်လျှင် ၃၀၀ကျပ်ဖြင့် စတင် ရောင်းချမည်ဟု သိရသည်။