ပြည်မြို့တွင် ကြက်များ လည်လိမ်ရောဂါ ဖြစ်ပွား

ပြည်မြို့တွင် ကြက်များ လည်လိမ်ရောဂါ ဖြစ်ပွား
by -
သန်းထိုက်ဦး
ပြည်မြို့ရှိ ကြက်ခြံနှစ်ခြံမှ ကြက်များ ယခုလဆန်းပိုင်းက လည်ပင်းလိမ်၍ သေဆုံးခဲ့သည်။ ပဲခူးတိုင်း ပြည်မြို့တွင် ပုဂ္ဂလိက မွေးမြူရေး ကြက်ခြံပေါင်း ၆၀ ခန့်ရှိသည့်အနက် ရွာပဲရပ်ကွက်မှ ခြံနှစ်ခြံတွင် ကြက်ကောင်ရေ ၂၅၀ ခန့်မှာ လည်လိမ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ပြည်မြို့ရှိ ကြက်ခြံနှစ်ခြံမှ ကြက်များ ယခုလဆန်းပိုင်းက လည်ပင်းလိမ်၍ သေဆုံးခဲ့သည်။  

ပဲခူးတိုင်း ပြည်မြို့တွင် ပုဂ္ဂလိက မွေးမြူရေး ကြက်ခြံပေါင်း ၆၀ ခန့်ရှိသည့်အနက် ရွာပဲရပ်ကွက်မှ ခြံနှစ်ခြံတွင် ကြက်ကောင်ရေ ၂၅၀ ခန့်မှာ လည်လိမ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

"ဒီမှာ ကြက်တွေ ရောဂါဖြစ်နေတာပဲဗျာ။ ... လည်လိမ်ရောဂါလို့ ပြောကြတယ်" ဟု ဒေသခံ ဆရာဝန်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၅ ရက်နေ့တွင် အခင်းဖြစ်ရာ ခြံများသို့ မွေးမြူရေးနှင့် ကျန်းမာရေး ဦးစီးဌာနများက လာရောက်၍ စစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ ကြက်သေများ ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

ရွာပဲရပ်ကွက် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက သူ သိရှိထားပုံကို ယခုလို ပြောသည်။

"သေတာတွေကတော့ ကြက်ခြံတွေမှာ ရှင်းပေးတယ်လို့တော့ ပြောတာပဲ၊ ဆရာမတွေကတော့လေ။ အခု လောလောဆယ်တော့ မသိသေးပါဘူးခင်ဗျာ။ ရောဂါကတော့ လည်ပင်းလိမ်ရောဂါလို့ ပြောတာပဲ" ဟု သူက ပြောဆိုသည်။  

အလားတူပင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းကလည်း စစ်အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားရှိ ပေါင်းလောင်းနှင့် ဥယျာဉ်စု ရပ်ကွက်တွင် ကြက်လည်ပင်းလိမ် ရောဂါကြောင့် ကြက်ခြံ ၃ ခြံရှိ ကြက်အကောင်ရေ ၂၀၀ ကျော် သေဆုံးသဖြင့် ကြက်ခြံများကို ဖျက်ဆီးပစ်ခဲ့ရသေးသည်။  

ရန်ကုန်မြို့ တိရစ္ဆာန်ရောဂါရှာဖွေရေးဌာနမှ တာဝန်ရှိသူတဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ကြက်များတွင် ဖြစ်သည့် လည်လိမ်ရောဂါ အမျိုးအစားသည် လူကို ကူးစက်နိုင်ခြင်း မရှိဟု ပြောသည်။  

"အဲဒါ လည်လိမ်ပြီးတော့ သေတာ လည်လိမ်ရောဂါမှာကျတော့ ဘာဖြစ်လဲဆိုတော့ ချောင်းဆိုးမယ်၊  နှာရည်ကျမယ်၊ အဲဒီလည်လိမ်ရောဂါနဲ့ပဲ လည်မလိမ်ခင်မှာ။ လည်လိမ်ရောဂါဆိုတာ ကျမတို့ကပဲ ခေါ်တာလေ။  တခါတလေကျလို့ရှိရင် ကာကွယ်ဆေး မပေးထားရင် သေသွားတယ်။ တချို့အကောင်တွေကျတော့ ပြန်ကောင်းလာပြီး ပြန်ဖြစ်တာတွေ ရှိတယ်" ဟု သူက ပြောသည်။