ဒေါ်စုနှင့် တွေ့ခွင့်ရရေး ၀န်ကြီးချုပ်ထံ အယူခံ တင်မည်

ဒေါ်စုနှင့် တွေ့ခွင့်ရရေး ၀န်ကြီးချုပ်ထံ အယူခံ တင်မည်
by -
နန်းဒေဝီ
နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးအတွက် သူ၏ ရှေ့နေ ဦးကြည်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ  မကြာမီ အယူခံစာ တင်သွားမှာ ဖြစ် ...

နယူးဒေလီ (မဇ္စျိမ)။     ။ နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးအတွက် သူ၏ ရှေ့နေ ဦးကြည်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ  မကြာမီ အယူခံစာ တင်သွားမှာ ဖြစ်သည်။  

"အခု တင်မယ့်ဟာက အယူခံအဖွဲ့ အကြီးအကဲက ၀န်ကြီးချုပ်ဗျ။ သတင်းတပ်ဖွဲ့အဆင့်က ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့။ ၀န်ကြီးချုပ်ဆီကို အကျိုးနဲ့ အကြောင်းနဲ့ ဖော်ပြပြီးတော့ လျှောက်မယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တင်မယ်" ဟု ဦးကြည်ဝင်းက ပြောသည်။   

လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးအတွက် ရန်ကုန် ရဲသတင်းတပ်ဖွဲ့သို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးကြည်ဝင်းက "နံပါတ် ၁ အချက်က အယူခံလွှာကို နေပြည်တော်မှာ ကျနော်တို့ ၉ ၊ ၁၀ ၊ ၂၀၀၈ မှာ တင်ခဲ့ပြီးပြီဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ဖို့။ ကျနော်တို့ တင်တာလောက်ပဲ သူ သိမယ်။ လက်ခံလား၊ ဘာလားဆိုတာ ဘာပဲဖြစ်ဖြစ်ပါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ report type လုပ်ရမှာပါ။ နံပါတ် ၂ က တပ်မတော် ဥပဒေအရ convening of the court (တရားရုံးဖွဲ့စည်းခြင်း) ဆိုတာရှိတယ်။ အဲဒီအဆင့်ကို ကျနော်တို့ မတွေ့သေးဘူးပေါ့နော်။ သူတို့ဆီက ဘာမှ မသိရသေးဘူး။ အဲဒါတွေ တင်ပြဖို့ ဒေါ်စုနဲ့ တွေ့ဖို့လိုတာပါ" ဟု ပြောသည်။   

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အကျယ်ချုပ် သက်တမ်း ၁၃ နှစ်ကျော် ထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် အကျယ်ချုပ်သက်တမ်း ကျော်လွန်နေသည့်အပေါ် ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်သို့ အယူခံတင်ခဲ့သည်။  

သို့သော် အယူခံလွှာအပေါ် စစ်အစိုးရက ငြင်းပယ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ပြောဆိုခဲ့သော်လည်း ဦးကြည်ဝင်းကမူ ယနေ့ထိတိုင် တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း  ပြောသည်။

"အာဏာပိုင်တွေက တကယ်ငြင်းတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်အကြောင်းကြားခြင်းဖြစ်စေ၊ သွားတင်တဲ့ ကျနော့်ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အခုက အပြင်မှာ ကောလာဟလတွေ ကြားနေရတာ။ ကျနော် နားမလည်ဘူး" ဟု သူက ပြောသည်။   

ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်သည့် အယူခံဝင်အဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် တောင်းခံသည့်အပေါ် အရေးတယူ တုံ့ပြန်လိမ့်မည် ထင်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။