ရွှေဝါရောင် ဆရာတော် အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြနေ

ရွှေဝါရောင် ဆရာတော် အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြနေ
by -
ကိုဝိုင်း
ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆုတောင်းမေတ္တာပို့ရာ၌ ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မန္တလေးမြို့ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေကြောင်း ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံများအပြောအရ သိရ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဆုတောင်းမေတ္တာပို့ရာ၌ ဦးဆောင် ဆရာတော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မန္တလေးမြို့ အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြနေကြောင်း ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံများအပြောအရ သိရသည်။

ဆရာတော်အား ရန်ကုန်မြို့ အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြီး ဖြစ်သော်လည်း မန္တလေးထောင်တွင် လက်ရှိ ချုပ်နှောင်ထားစဉ် လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဆန္ဒပြလာခြင်းဖြစ်သည်။

"အရှင်ဂမ္ဘီရက ဒီလ ၁၃ ရက်နေ့ကနေတဲ့၊ အစာငတ်ခံ ဆန္ဒပြနေတယ်တဲ့။ ဒီနေ့နဲ့ဆို ရ ရက် ရှိသွားပြီပေါ့။ အဲဒါက သေချာပါတယ်" ဟု ထောင်နှင့်နီးစပ်သူ မန္တလေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

သို့သော်လည်း သူက မည်သို့သိရှိရသည်ကိုမူ လုံခြံုရေးအရ ပြောဆိုရန် ငြင်းဆိုသည်။

အိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား နှစ်ပတ်တကြိမ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံခွင့်ရသဖြင့် အရှင်ဂမ္ဘီရ၏ မိသားစုက ဆရာတော်ကို နှစ်ကြိမ်မျှ တွေ့ခွင့်ရခဲ့ပြီး၊ ပစ္စည်းများ လှူဒါန်းခွင့်ရခဲ့သည်။ သို့သော် ယခုလ ၁၄ ရက်နေ့တွင်မူ မိသားစုက ထောင်ဝင်စာ သွားတွေ့ခဲ့ရာ၊ လူချင်း တွေ့ခွင့်မရသည့်အပြင် ပစ္စည်းလည်း ပေးသွင်းလှူဒါန်းခွင့် မရခဲ့ပေ။

အခြားမန္တလေးမြို့ခံတဦးက " ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဝင်စာ လာတွေ့တယ်လေ။ အဲဒါ မတွေ့ရဘူး။ ပြန်သွားရတယ်။ ဘာ့ကြောင့်လဲ ဆိုတာကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေက မပြောဘူးပေါ့နော်။ နောက်အပတ်မှ လာခဲ့ပါတဲ့။ အဲဒီလိုပဲ ပြောလိုက်တယ်။ သူ့အမေဆိုလည်း 'တခုခုတော့ဖြစ်ပြီနဲ့ တူတယ်ဆိုပြီး ထင့်နေတယ်' လို့ ပြောသွားတယ်တဲ့။ 'ကျန်တဲ့သူတွေကျတော့ တွေ့ရတယ်' တဲ့၊ 'ငါ့သားတယောက်ထဲ မတွေ့ရတာ' တဲ့။ အဲလိုလေး ပြောရှာတယ်၊ သိလား" ဟု ပြောသည်။

အိုးဘိုထောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ မြို့ခံများက ယခုလို ပြောဆိုသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ဆရာတော်အား အင်းစိန်ထောင်တွင်း၌ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ် ချမှတ်ထားရသည်။

နောက်ထပ် ၁၀ ရက်အကြာတွင် စစ်ကိုင်းတိုင်း ခန္တီးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် မန္တလေး အိုးဘိုထောင်တွင် ခေတ္တထားရှိစဉ် ယခုလို အစာငတ်ခံ ဆန္ဒပြသည့်သတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါ၀င်စားခဲ့သည့် ဆရာတော်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

ဆရာတော်သည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း၊ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကဲ့သို့ မိသားစုနှင့် တွေ့ခွင့်မရသည့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦးမှာ ကော့သောင်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုပြံုးချို ဖြစ်သည်။

ထောင်ဝင်စင်သွားတွေ့ရာမှ ရန်ကုန်ပြန်ရောက်နေပြီဖြစ်သော ကိုပြံုးချို၏ ဖခင် ဦးဝင်းမောင်က "ညက ၁ နာရီလောက်က ပြန်ရောက်တယ်။ မတွေ့ခဲ့ရဘူး။ ဘာမှ တိတိကျကျမပြောဘဲ၊ အထက်အမိန့်အရလို့ပဲ ပြောတယ်။ ကျနော်တို့က 'တကယ်လို့ လကုန်ရင် တွေ့ခွင့်ရမယ်ဆိုရင် လကုန်အထိနေမယ်ပေါ့' နော်။ မေးကြည့်တော့ အဲဒါလည်း သူတို့ အာမ မခံနိုင်ဘူးတဲ့။ အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ရမှာပဲတဲ့။ အားတော့ နာပါတယ်တဲ့။ ကျနော်တို့လည်း မတတ်နိုင်လို့ပါတဲ့" ဟု မဇ္စျိမကို ပြောသည်။

ကိုပြံုးချိုအား ဇနီးဖြစ်သူက ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက နောက်ဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ရာ၊ ထိုစဉ်က သွေးပေါင်တက်ခြင်းမှလွဲ၍ ကျန်းမာရေးအခြေအနေမှာ ဆိုးဆိုရွားရွား မရှိကြောင်းနှင့် ထောင်တာဝန်ရှိသူများကလည်း ထောင်ဆရာဝန်များမှတဆင့် ဆေးတိုက်ကျွေးကြောင်း ဦးဝင်းမောင်က ပြောသည်။

သူက "ဆေးတွေဘာတွေ တိုက်တယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်တုန်းက ရာသီဥတုက သိပ်မအေးသေးဘူးလေ။ ကျနော်သွားတဲ့ အချိန်ကတော့ တော်တော်ကို အေးနေတယ်။ လေကလည်း ၂၄ နာရီ တိုက်နေတယ်။ ပြီးခဲ့တဲ့ အခေါက်သွားကတည်းက လိုမယ်ထင်ပြီး အနွေးထည်တွေ၊ စောင်တွေ ပေးခဲ့တယ်။ အာဏာပိုင်တွေက လက်ခံထားလိုက်တယ်လေ။ အခုတခေါက်လည်း ပစ္စည်းပေးလို့ ရပါတယ်။ ထောင်အာဏာပိုင်တွေကလည်း ပြောတယ်။ လူချင်း ပေးမတွေ့နိုင်တာတော့ သူတို့ကို ခွင့်လွှတ်ပါတဲ့။ ပစ္စည်းကိုတော့ ကျနော်တို့ အကုန်ရောက်အောင် ပို့ပေးပါမယ်တဲ့" ဟု ပြောသည်။

ယခုရက်များအတွင်း၌ နအဖ စစ်အစိုးရက နယ်ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် တွေ့ခွင့်မပေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဝင်းမောင်သည် သားဖြစ်သူ ကိုပြံုးချိုအား တွေ့နိုင်ရန် ရန်ကုန်မှ ကော့သောင်းသို့ ယခုလ ၈ ရက်နေ့က ထွက်သွားခဲ့ခြင်းဖြစ်သည်။

လမ်း၌ ကိုကိုကျွန်းနှင့် မြိတ်မြို့တွင် ၂ ရက်စီ နေထိုင်ခဲ့ကာ၊ မြိတ်နှင့် ထားဝယ် ရောက်စဉ်က နယ်ထောင်ဝင်စာများ ပိတ်သည်ကို ကြားရသော်လည်း အခြားနေရာများနှင့် ကွဲပြားမှုရှိနိုင်မည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် ကော့သောင်းအထိ သွားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမောင်က "စိတ်ထဲမှာကတော့ မကောင်းဘူးပေါ့လေ။ စိတ်ကတော့ မချဘူး။ သူတို့ဘယ်လောက်ပဲ နေကောင်းတယ် ပြောပြော၊ မျက်နှာချင်းဆိုင် မတွေ့ရဘဲနဲ့ သူ နေကောင်းတယ်ဆိုတာကို ကျနော် လက်ခံရဖို့ကတော့ သိပ်မလွယ်ဘူး ဖြစ်နေတယ်။ ရာသီဥတု အခြေအနေ အပြောင်းအလဲရှိတယ်။ သူ့ရဲ့ အင်အားချို့တဲ့မှု၊ တိုးတက်မှု၊ စိတ်နေစိတ်ထားတွေ ကျနော်တို့က တွေ့မှပဲ သိလို့ရမှာပေါ့။ ကျနော်တို့ကတော့ ဒီလိုအခြေအနေမျိုး နောက်ထပ်မဖြစ်ပါစေနဲ့လို့၊ တတ်နိုင်ရင် ကျနော်တို့ကို အမြန်ဆုံးတွေ့ခွင့်ပြုဖို့ပဲ သူတို့ (ထောင်အာဏာပိုင်များ) ကိုလည်း တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။