ကျောင်းသား ထောင်ဒဏ် ၁၀၄ နှစ်

ကျောင်းသား ထောင်ဒဏ် ၁၀၄ နှစ်
by -
သဲသဲ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ မှ အဖွဲ့ဝင် ဗိုလ်မင်းယုကိုအား ပြီးခဲ့သည့်လက ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်သည်။ ဤသည်မှာ ဖမ်းဆီးချုပ်နှောင်ခံရသည့် တက်ကြွလှုပ်ရှားသူ ကျောင်းသား နိုင်ငံရေးအကျဉ်းသားများ ...

နယူးဒေလီ (မဇ္စျိမ)။     ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ မှ အဖွဲ့ဝင် ဗိုလ်မင်းယုကိုအား ပြီးခဲ့သည့်လက ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်သည်။

ဤသည်မှာ ဖမ်းဆီးချုပ်နှောင်ခံရသည့် တက်ကြွလှုပ်ရှားသူ ကျောင်းသား နိုင်ငံရေးအကျဉ်းသားများအနက် အများဆုံး နှစ််ရှည်ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်သည်။

"၂၀၀၅ တုန်းက ၁၀၆ နှစ်ချခံရတဲ့ ဗိုလ်ချုပ် ဆေထင် ပြီးရင် သူက ကျောင်းသားထဲမှာ (ဗိုလ်မင်းယုကို) အများဆုံးပဲ။ ဒါဟာ နိုင်ငံရေးအာဃာတတွေနဲ့ မလုပ်သင့်တာကို နအဖက လုပ်နေတာပါ။ နို်င်ငံရေးအရ ကျနော်တို့ ဖိအားပေးဖို့ လိုတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက််ရေးအသင်း (AAPP) မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။

၂၁ နှစ်အရွယ်ရှိ ဗိုလ်မင်းယုကိုအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၆ မှု အပါအဝင် တရားမဝင် အသင်းနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်ပြားစေမှု စသည်တို့အပြင် အခြားအမှုတွဲများ ပေါင်းကာ မန္တလေးတိုင်း အိုးဘိုထောင်အတွင်း၌ ယခုလို ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ခြင်းဖြစ်သည်။

အလားတူ ဗကသ အဖွဲ့ဝင် ၁၀ ဦးအား ပြီးခဲ့သည့်လကပင် အနည်းဆုံး နှစ် ၂၀ မှ စတင်ကာ နှစ်ရှည် ပြစ်ဒဏ်များ ကျခဲ့သေးသည်။  

ဗိုလ်မင်းယုကို၊ ကိုဝေမျိုးထူး၊ ကိုအောင်ညွန့်၊ မကေသီအောင်၊ ကိုသာဂရ အပါအဝင် ဗကသ အဖွဲ့ဝင် ၁၁ ဦးအား ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်နှင့် ရန်ကုန်တိုင်းအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အားလုံးကို ယခုအခါ မန္တလေး အိုးဘိုထောင်တွင် ချုပ်နှောင်ထားသည်။  

၂၆ နှစ် ပြစ်ဒဏ်ကျခံရသည့် မကေသီအောင်မှာ ယခုအခါ ကိုယ်ဝန် ၅ လကျော် ရှိနေပြီဖြစ်သော်လည်း မိခင်လောင်းတဦးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရပါ။

မကေသီအောင်၏ ကျန်းမာရေးကို  အထူးစိုးရိမ်မိသလို၊ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများမှာ အချိန်မီ ဆေးကုသခွင့် မရခြင်း၊ ဆရာဝန်များက လူနာအား မတွေ့ဆုံဘဲ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေသဖြင့် နှစ်ရှည်ထောင်ဒဏ်ချခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကိုဘိုကြည်က ပြောသည်။